Home
မေးမြန်းခန်း
YBS စနစ် တလပြည့်အခြေအနေအပေါ် ကိုနေဘုန်းလတ်နှင့် တွေ့ဆုံမေးမြန်းချက်
DVB
·
February 23, 2017
YBS စနစ်ကို စတင်ခဲ့တာ အခုဆို တလပြည့်ပါပြီ။ YBS စနစ်ကြောင့် ပြည်သူတွေကြားထဲမှာ ဘယ်လိုမျိုး ပြဿနာတွေ ရင်ဆိုင်နေရသလဲ။ ဘာကောင်းကျိုးတွေ ရှိသလဲ။ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။ လက်ရှိအခြေအနေတွေပေါ်မှာ သုံးသပ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်-၂ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - YBS တလပြည့်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ ပြည်သူတွေအားလုံး အခက်အခဲတွေရှိတာ မှန်ပေမယ့် သည်းခံပြီးစောင့်ပေးကြပါ။ ဧပြီလလောက်ကျရင်တော့ ကားတွေရောက်လာမယ်လို့ ပြောသွားပါတယ်။ အဲဒီအခြေအနေလေးပေါ် မူတည်ပြီးတော့ အစ်ကိုတို့ လွှတ်တော်ဘက်က အမြင်လေး ပြောပြပါဦး။ ဖြေ - ဟုတ်ကဲ့။ အတိအကျပြောရရင် ဒီနေ့ ၁ လနဲ့ ၁ ရက် ပြည့်တာပေါ့နော်။ ၁၆ ရက်နေ့မှာ စတာဆိုတော့ ၁၇ ရက်နေ့ဆိုတော့ ၁ လနဲ့ ၁ ရက်။ ဘာပဲပြောပြော ပြည်သူတွေ အခက်အခဲဖြစ်နေတယ်ဆိုတာ လက်ခံပြီးတော့ အစိုးရအနေနဲ့ ဒီအခက်အခဲတွေကို ပြေလည်ဖို့ ကြိုးစားနေတယ်ဆိုတာ ခုလိုမျိုး သတင်းစာရှင်းလင်းပွဲလုပ်တဲ့အတွက် ကြိုဆိုပါတယ်။ ဒါ လုပ်ကိုလုပ်ရမယ့် အလုပ်တခုပါ။ အဲဒီမှာ ကားတင်သွင်းထားတာတွေ ရှိတယ်။ အဲဒါတွေ ရောက်လာမယ်ဆိုတာ တွေ့ရတယ်ဆိုပေမယ့် တကယ်တမ်း ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင်တော့ ကားမလုံလောက်တဲ့ပြဿနာလည်း ရှိပါတယ်။ ဒါပေမယ့်လည်း အဲဒီတခုတည်း မဟုတ်ပါဘူး။ ဒါကိုလည်း ကျနော်တို့ သိဖို့လိုလိမ့်မယ်ဗျ။ ပြဿနာတွေက ကားမလုံလောက်တာတွေလည်း ရှိမယ်။ နောက်တခု အရမ်းအရေးကြီးဆုံးက ပြည်သူလူထုကို အင်ဖော်မေးရှင်း အချိန်နဲ့တပြေးညီ မပေးနိုင်တဲ့ကိစ္စ။ အခုဆို ကားလိုင်းက ၈၀ ကျော်နေပြီ။ ဒါပေမယ့် အခုအချိန်အထိ အဲဒီ ၈၀ ကျော် ကားလိုင်းက ဘယ်ကိုပြေးနေတာလဲ၊ ဘယ်လိုင်းတွေလဲဆိုတာ အဲဒီအင်ဖော်မေးရှင်းတွေ ကျနော်တို့ မသိရဘူး။ အဲဒီတော့ ဒီလိုအနေအထားတွေ ရှိတဲ့အတွက် ဒါတွေကိုလည်း Update သတင်းတွေကို မြန်မြန် အချိန်နဲ့တပြေးညီ အမြန်ဆုံး အသိပေးဖို့လိုမယ်ဗျ။ ကျနော် ဖြစ်စေချင်တာတော့လေ၊ အခုအချိန်မှာ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ လိုလားချက်တွေကို နားထောင်ပြီးတော့ တချို့လိုင်းတွေကို ပြင်တာမျိုး၊ တချို့လိုင်းတွေကို အသစ်ထပ်တိုးတာမျိုး ဒါမျိုးတွေ လုပ်နေပါတယ်။ ဒါကလည်း မှန်ကန်တဲ့လုပ်ရပ်ပါပဲ။ လုပ်ရမယ်။ ဒါပေမယ့် ကျနော်ဖြစ်စေချင်တာကတော့ အဲဒီလိုမျိုး ပြင်တဲ့ကာလကို အချိန်အတိုင်းအတာတခု သတ်မှတ်ပြီး အဲဒီအချိန်အတိုင်းအတာတခု ပြီးပြီဆိုတာနဲ့ ဒီလိုင်းတွေ၊ ဒီလိုင်းတွေကို Fix အဖြစ် လုပ်လိုက်ပြီပေါ့နော်။ ဒီလိုင်းတွေ ဒီလိုင်းတွေကို ပြန်ပြေးဆွဲပါမယ် ဆိုတာမျိုး ပြန်ပြီးတော့ ပြည်သူလူထုကို Updated Information ပေါ့နော်။ နောက်ဆုံးသတင်းအချက်အလက်တွေကို အမြန်ဆုံးပေးဖို့ လိုမယ်ထင်ပါတယ်။ ဒါလေးတွေလည်း စဉ်းစားရမယ့်အချက်တွေပါ။ နောက်တခုက ကားမလုံလောက်တာရယ်၊ အင်ဖော်မေးရှင်း မပေးနိုင်တာတွေအပြင် နောက် အခြားလိုအပ်ချက်တွေကတော့ ဘာလဲဆိုတော့ စနစ်အပေါ်မှာ ပါဝင်ပတ်သက်နေတဲ့ ဒရိုင်ဘာတွေ၊ စပယ်ယာတွေ၊ ယာဉ်ပိုင်ရှင်တွေက ဒီစနစ်ကို တကယ်သေချာ နားလည်သဘောပေါက်အောင် ဒီလူတွေကို သေချာရှင်းပြနိုင်ရဲ့လားပေါ့။ မေး - တကယ်ရော သူတို့ သိပြီလားပေါ့နော်။ ဖြေ - ဟုတ်တယ်။ အဲဒီတော့ သိပြီလားဆိုတော့ ရှင်းပြဖို့ အရေးကြီးတယ်လေ။ ရှင်းပြနိုင်ရမယ်။ ဒီစနစ်ကို တကယ်နားလည်ပြီးတော့ ဒီစနစ်ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေအပေါ်မှာ ငါတို့ကိုယ်တိုင်လည်း စိတ်ဆန္ဒပြင်းပြစွာ ပူးပေါင်းပါဝင်လာအောင် ကြိုးစားစေချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်း Actor တွေပဲဗျ။ ဒီစနစ်တခုမှာ အစိုးရပါမယ်။ ပြည်သူပါမယ်။ ယာဉ်လိုင်းတွေပါမယ်။ ယာဉ်ပိုင်ရှင်တွေပါမယ်။ ကားသမားတွေပါမယ်။ ဒရိုင်ဘာတွေပါမယ်။ စပယ်ယာတွေပါမယ်။ ပါဝင်ပတ်သက်တဲ့လူတွေ အကုန်လုံးကို စိတ်အေးချမ်းသာစွာနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကူးပြောင်းတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်အောင် တတ်နိုင်သမျှ အားလုံးကို စည်းရုံးစေချင်တယ်။ အဲဒါလေးလည်း နည်းနည်းလေး ပိုပြီးတော့ အားထုတ်နိုင်ရင် ပိုကောင်းမယ်ဗျ။ မေး - ဒီနေ့ဆိုရင် မြောက်ဒဂုံမှာ သက်ဆိုင်ရာအုံနာတွေ၊ ဒရိုင်ဘာတွေ အကုန်လုံး စုပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ကြတယ်။ တချို့ကျတော့လည်း သူတို့က အဓိကကတော့ ဒီစနစ်ကြီးကို သူတို့ သဘောမပေါက်တာ၊ ပေါက်တဲ့လူကလည်း ပေါက်တယ်။ လက်ခံနိုင်တဲ့လူက လက်ခံတယ်။ လက်မခံနိုင်တဲ့သူတွေကလည်း ကျန်နေသေးတယ်။ အဆိုးဆုံးကတော့ အခုလက်ရှိ ကုမ္ပဏီတွေ အုပ်ချုပ်နေတယ်ဆိုတဲ့အပိုင်းကို သိပ်လက်မခံနိုင်တဲ့ အခြေအနေ ဖြစ်သွားတယ်။ အဲဒီအပေါ်မှာ နည်းနည်းလောက် အစ်ကို့အမြင်လေး ပြောပါဦး။ ဖြေ - သေချာရှင်းပြရမှာပေါ့နော်။ အရင်တုန်းကဆိုရင်တော့ ကားတစင်းကို ကိုယ်ကပိုင်ရင် ကိုယ်က အုံနာပေါ့။ ဒါ ငါ့ကားလေးပေါ့။ ဒီကားလေးနဲ့ပတ်သက်ပြီး ကိုယ်က တစီးထောင်ထားရင် အဲဒီတစီးရဲ့ ဝင်ငွေဘယ်လောက်ရမလဲဆိုတာ ရှိပြီးသားလေ။ အခုကျတော့ အများ ပူးပေါင်းပြေးဆွဲတယ်ဆိုတဲ့ အနေအထားတခုပေါ့။ လိုင်းတလိုင်းမှာဆိုရင်လည်း သူက အဲဒီလိုင်းတလိုင်းတည်းကို ထည့်လိုက်ရတာ။ ထည့်လိုက်ပြီးပြီဆိုရင်လည်းပဲ ကားတွေရဲ့ အခြေအနေ၊ ဒရိုင်ဘာတွေ၊ စပယ်ယာတွေပဲ ကိုယ့်စိတ်တိုင်းကျ စီမံလို့မရတော့ဘူး။ စုပေါင်းပြေးဆွဲတဲ့ အနေအထားမှာ အားလုံး ပူးပေါင်းတိုင်ပင်ပြီးမှ ဆုံးဖြတ်ရမယ်။ ပြောချင်တာက အရင်တုန်းကလို ငါက ကားအုံနာ၊ ငါ့ကားလေးဆိုပြီးတော့  မဟုတ်တော့ဘူး။ ဝင်ငွေ ရပေါက်ရလမ်းဆိုတဲ့ အနေအထားမှာလည်း အတိုင်းအတာတခုအထိ ရွေ့သွားတယ်ဆိုတာ ရှိလာတယ်။ ကျနော် ဖြစ်စေချင်တာကတော့ အနည်းနဲ့အများတော့ ကျနော်တို့ ရင်းနှီးပေးဆပ်ရတာတွေ ရှိမှာပဲ။ ဒါပေမယ့် သေချာရှင်းပြစေချင်တယ်။ ဒီဟာက ရေရှည်အတွက်ဆိုရင် ပြည်သူအတွက်လည်း ကောင်းမယ်။ တကယ်တမ်း ကားသမားတွေအတွက်လည်း အကျိုးမယုတ်ဘူးဆိုတာ နှစ်ဦးနှစ်ဘက် win-win situation ဖြစ်တယ်ဆိုတာ သေချာနားလည်သဘောပေါက်အောင် ရှင်းပြနိုင်မယ်ဆိုရင် အဲဒီလောက်အထိ တွန်းကန်အားတွေ များမယ်မထင်ဘူး။ ကျနော်ထင်တာကတော့ အဲဒီလိုရှင်းပြဖို့ အချိန်မပေးနိုင်ခဲ့တဲ့ပုံပေါ်တော့ စနစ်ကို သေချာသဘောမပေါက်တာပေါ့နော်။ အဲဒီလိုပုံစံမျိုး ထင်ပါတယ်။ မေး - ဝန်ကြီးချုပ်ဘက်က ဘာဖြစ်လာလဲဆိုတော့ ၂၀၁၇ ဘတ်ဂျက်ကျမှသာ ထပ်တိုးအနေနဲ့တောင်းပြီး G to G နဲ့ ကားဝယ်လို့ရမှာဖြစ်တဲ့အတွက် သူက YBS ကို စောပြီး လုပ်ထားတယ်ဆိုတဲ့ပုံစံမျိုး သွားပြီးတွေ့ရတယ်ခင်ဗျ။ အဲဒီတော့ လွှတ်တော်ဘက်ကနေ ဘတ်ဂျက်တောင်းတာတွေပေါ့၊ အဲဒါလေး သုံးသပ်ပေးပါဦး။ ဖြေ - လွှတ်တော်ကတော့ အစ်ကိုသိသလောက်က  ၂၀၁၆-၁၇ ထပ်တိုးဘတ်ဂျက်မှာ ကားဝယ်ဖို့ဆိုတာ ပါသွားပြီးပြီ။ လွှတ်တော်က Approved လုပ်ပြီးသွားပြီ။ ဒါပေမယ့် ခက်တာက ကားဝယ်တာမှာလည်း ဝုန်းခနဲ ဒိုင်းခနဲ ဝယ်လို့မရတဲ့အခါမှာ ကားတွေ အဆင်သင့် ကိုယ့်လက်ထဲမှာ မဖြစ်သေးဘဲနဲ့ စလိုက်တဲ့သဘောမျိုး ရှိတာပေါ့။ အမှန်တော့ အစ်ကိုတို့ဖြစ်စေချင်တာက ကားတွေရှိရမယ်။ ကားရှိရုံနဲ့ မရပြန်ဘူး။ အဲဒီကားကို မောင်းမယ့်ဒရိုင်ဘာ ရှိရမယ်၊ စပယ်ယာရှိရမယ်။ နောက် ဆီရှိရမယ်။ အဲဒါတွေအကုန်လုံးကို သေချာ Stand By လုပ်ထားပြီးမှ ဆွဲ။ မင်းတို့ ထွက်မဆွဲရင် ငါတို့ဖြည့်ဆွဲမယ် ဆိုတာမျိုးပေါ့နော်။ အဲဒီလိုမျိုးလေးသာ စသွားနိုင်ရင် ဒါ လူထု အဲဒီလောက် ဒုက္ခမရောက်ဘူးပေါ့။ အခုဟာက ကားဝယ်ဖို့ အစီအစဉ်တွေလည်း ရှိတယ်။ ဝယ်ဖို့လည်း ကြိုးစားနေတယ်။ ဘတ်ဂျက်လည်း လွှတ်တော်က အတည်ပြုပြီးသား။ ဒါပေမယ့်လည်း မဝယ်နိုင်သေးတဲ့ အချိန်တခုမှာ ဒါကို စလိုက်တော့ ပထမ ၁၆ ရက်လိုနေ့မျိုးဆို အရမ်းသိသာတယ်။ တချို့ကားတွေက အဆင်သင့်မဖြစ်ဘူး။ တချို့ဒရိုင်ဘာတွေ၊ စပယ်ယာတွေကလည်း ထွက်မဆွဲဘူး။ ကြားထဲက ပြည်သူက ဒုက္ခရောက်တာပေါ့။ အသွားအပြန် အစီး ၁၀၀ လောက် ပြေးရမယ့်လိုင်းမှာ တချို့ကားတွေဆိုရင် တဝက်တောင်မကဘူး။ ၃၀ လောက်ပဲ ထွက်တယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး။ မေး - ဘတ်ဂျက်က လာတော့မှာပေါ့နော်။ ဒါပေမယ့် ဘတ်ဂျက်လာဖို့အတွက် YBS ကို ကြိုတင်ပြီး လုပ်ငန်းပြရတဲ့သဘောမျိုး လွှတ်တော်မှာ ရှိလား။ ဖြေ - အဲဒီလိုတော့မရှိဘူး။ ဒီလိုကြီးလုပ်ပြမှ ဒီလိုမျိုး ဘတ်ဂျက်ပေးမယ်ဆိုတာမျိုး လွှတ်တော်က မရှိဘူးလေ။ အမှန်အတိုင်းပြောမယ်ဆိုရင် ၂၀၁၆-၁၇ ထပ်တိုးဘတ်ဂျက်မှာ ပါပြီးသား။ ဘတ်ဂျက်က ရှိပြီးသား။ ပေးလည်း ပေးမှာပဲ။ ဒါပေမယ့် အဲဒီဘတ်ဂျက်ကို လိုချင်လို့ ဒါကြီးကို လုပ်လိုက်တယ် ဆိုတာမျိုးတော့ မဟုတ်ဘူး။ မေး - ကျနော်တို့ ရန်ကုန်မြို့မှာလည်း တခြား သယ်ယူပို့ဆောင်ရေးဆိုရင် ရထားပဲ ရှိတာပေါ့နော်။ ရထားကို သွားကြည့်လိုက်တဲ့အခါမှာ မြို့ပတ်ရထားမှာ အရမ်းကျပ်တယ် အစ်ကို။ ရုံးဆင်း ရုံးတက်ချိန်ဆို ကားကျပ်သလိုကို ကျပ်သွားတယ်။ အဲဒီတော့ အခြေအနေကတော့ တော်တော်လေးတော့ ရှုပ်ထွေးနေတယ်။ ဒီ ၃ လအတွင်းမှာ တကယ်လို့ ဖြေရှင်းမယ်ဆိုရင်ရော မီနိုင်သလား။ မီအောင် လုပ်မယ်ဆို ဘာတွေလိုအပ်လဲ။ ဖြေ - သတင်းတခု ဖတ်လိုက်ရတယ်။ ရထားစီးတဲ့လူဦးရေ ပိုများလာတယ် ဆိုပြီးတော့။ ဒါလည်း ဖြစ်နိုင်ပါတယ်။ ကားစီးရတာ အခက်အခဲတွေ တွေ့တဲ့အခါမှာ ရထားဘက်ကို ပြောင်းစီးလာကြတယ်။ အဲဒီတော့ ရထားစနစ်ကိုလည်း နည်းနည်းလေး ပိုပြီး Upgrade လုပ်နိုင်မယ်ဆိုရင် ဒီဘက်က အခက်အခဲကို တနည်းတဖုံနဲ့ ဖြေရှင်းတာလည်း ဖြစ်မှာပေါ့နော်။ နောက်တခုက Water Taxi လည်း စတော့မယ်လို့ ကြားတယ်။ အဲဒီတော့ ဒါကလည်း တကယ်သာ လူထုက ရေကြောင်းလိုင်းကို အသုံးပြုမယ်ဆိုရင်လည်းပဲ ဒီဘက်က အခက်အခဲကို တနည်းတဖုံ ဖြေရှင်းတဲ့ပုံစံမျိုး ဖြစ်မယ်ပေါ့။ ပြောချင်တာကတော့ အခု YBS ဆိုတာ ပြောင်းလိုက်တာက အမှန်အတိုင်း ပြောမယ်ဆိုရင် ကုန်းလမ်း ဘတ်စ်ကားစနစ်ကိုပဲ ပြောင်းသေးတာ။ တကယ်တမ်း ဒီအပြောင်းအလဲကြီးက ဒါနဲ့တင် မပြီးသွားဘူး။ ရထားလမ်းတွေ ပြောင်းမယ်၊ ရေလမ်းကိုပါ သုံးမယ်ဆိုရင် YRTA ရဲ့အောက်မှာဆိုရင် အဲဒါတွေပါ ပါတယ်။ ပါတဲ့အခါမှာ အခု YBS နဲ့ စလိုက်တယ်။ YBS မစခင်ကတည်းက ဖြစ်သင့်တာကတော့ အားလုံးခြုံငုံပြီး ဘယ်လိုလုပ်မယ်ဆိုတဲ့ Master Plan တခု ရှိသင့်တာပေါ့။ လူတွေ ကား ဘယ်လောက်စီးမလဲ။ ရထားကို ဘယ်လောက်စီးမလဲ။ ကားတွေ ဒီလိုဖြစ်သွားရင် ရထားမှာ ဘယ်လောက်တိုးလာမလဲ။ ပြီးတော့ Water Taxi လုပ်မယ်ဆိုရင်ရော ဒီဘက်ကို Loading ဘယ်လောက် ထပ်ရွေ့သွားမလဲ။ အားလုံးကို အခြေခံပြီးတော့မှ နောက်တခါ ရထားဘူတာတွေ ထားမယ်ဆိုရင်လည်း ရထားဘူတာနဲ့ YBS လမ်းကြောင်းတွေနဲ့ ဘယ်လို ချိတ်မလဲ။ Water Taxi ဆိပ်ကမ်းတွေနဲ့ YBS ဘယ်လို ချိတ်မလဲ။ အဲဒီ ၃ ခုပေါ့နော်။ ဖြစ်နိုင်ရင် တက္ကစီတောင် ပါကောင်းပါလာနိုင်တယ်။ Taxi ရယ်၊ YBS ရယ်၊ Water Taxi ရယ်၊ ပြီးတဲ့အခါ ဒီဘက်မှာ ရထားရယ်။ အဲဒီ ၄ ခုပေါင်းပြီးတော့ စဉ်းစားထားတဲ့ Master Plan ရှိလားပေါ့။ အစ်ကိုကတော့ အဲဒီလိုရှိသင့်တယ် ထင်တယ်ပေါ့နော်။ ရှိပြီးတော့မှ အဲဒါကိုမှ တဆင့်ပြီးတဆင့် သွားတယ်ဆို ပိုပြီးချောမွေ့မယ်။ ဒါမှမဟုတ်ရင် Water Taxi လာပြန်ရင် တခါထပ်ပြီး ပြင်ရပြန်ပြီ။ နောက်တခါ ရထားတွေ အဆင့်မြှင့်ပြန်ရင် ထပ်ပြီးတော့ ပြင်ရပြန်ပြီ။ တက္ကစီတွေလုပ်ရင် ထပ်ပြီးပြင်ရမယ်။ အဲဒီလိုမျိုးတွေ ဖြစ်ဖြစ်နေမှာ စိုးရိမ်တယ်။ အစိုးရမှာလည်း ရှိ၊ မရှိတော့ အစ်ကိုလည်း သေချာမသိဘူး။ ဒါပေမယ့် ရှိသင့်တယ်လို့ထင်တယ်။ လူတွေရဲ့ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ ဒီ ၄ ခုလုံးကို ချိတ်တွဲပြီးတော့ စဉ်းစားထားတဲ့ Master Plan တခုပေါ့နော်။ အဲဒါမျိုး ရှိသင့်တယ်။ မေး - အခက်အခဲကတော့ အခု ၁ လစာပေါ့နော်။ နောက်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ မသိသေးဘူးပေါ့။ အစ်ကို့အနေနဲ့ လွှတ်တော်အမတ်တယောက်လည်း ဖြစ်တယ်၊ အခြေအနေပေါ်မှာ အစ်ကို့အနေနဲ့ သုံးသပ်ချက်လေး ပြောပေးပါဦး။ ဖြေ - ဒါကလေ ပြည်သူလူထုကလည်း အပြောင်းအလဲကို အရမ်းလိုလားနေတယ်။ အရမ်းသိသာတယ်။ မ.ထ.သ ကို ဖြုတ်ပြီး YBS ကို စပြောင်းတဲ့အချိန်မှာ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တကယ့်ကို ထင်မှတ်မထားလောက်အောင် ကောင်းတယ်။ ဒါပေမယ့်လည်း တဘက်မှာကျတော့ စီမံခန့်ခွဲမှုအပိုင်းရော၊ Planning အပိုင်းရော နည်းနည်းလေး အားနည်းတယ်လို့ သုံးသပ်တယ်။ အဲဒီလိုဆိုတော့ ဘာဖြစ်လဲဆိုတော့ အစ်ကို ပြောပြောနေတာ ရှိပါတယ်။ အစ သိပ်မကောင်းခဲ့ဘူးလို့ပဲ သုံးသပ်ချင်ပါတယ်။ ဒါပေမယ့်လည်း အနှောင်းသေချာအောင်တော့ လုပ်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပြန်လှည့်လို့ မရဘူးလေ။ မ.ထ.သ ကို ပြန်ခေါ်ထားလို့လည်း မရဘူး။ YBS ကို အောင်မြင်အောင် ဝိုင်းလုပ်ကြရမယ်။ ဒါပေမယ့်လည်း အခု အားတက်စရာတခုက အစိုးရဘက်က ဒီလူထုရဲ့အသံကို နားထောင်ပြီးတော့ Adjust ပြန်လုပ်နေတယ်။ ကားလမ်းကြောင်းတွေ ပြင်တာမျိုး၊ လိုအပ်တဲ့ လမ်းကြောင်းတွေ ထပ်ဖြည့်ပေးတာမျိုး ဒီသဘောထားနဲ့ ဒီလိုမျိုးလုပ်နေတာ တွေ့ရတာတော့ တကယ်အားရဖို့ကောင်းပါတယ်။ အဲဒါကိုလည်း ဆက်လုပ်စေချင်တယ်။ လူထုအသံကို များများ နားထောင်စေချင်တယ်။ ပြီးတဲ့အခါမှာ ဒီစနစ်အပေါ်မှာ ပိုကောင်းအောင် ဘယ်လိုပြုပြင်မလဲဆိုတဲ့ အနေအထားတခုကို ဒီထက်ပိုကောင်းတာမျိုးဖြစ်အောင် လုပ်စေချင်တယ်။ ဒါက တပိုင်းပေါ့။ ဒါက YBS ကို ပိုကောင်းစေချင်တာ။ နောက် ရှေ့ရှေ့လာမယ့်၊ နောက် ဆက်ဆက်ပြီးတော့ လုပ်မယ့် စီမံကိန်းတွေဆိုရင်လည်းပဲ အစ်ကို တခုမေတ္တာရပ်ခံချင်တာက ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားစေချင်တယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ Inform လုပ်ရုံနဲ့ မရဘူး။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာက ငါတို့ ဒါလုပ်လိုက်မယ်၊ ဒါလေးကို အသိပေးလိုက်မယ် ဆိုတာနဲ့ မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ Role က Consultant Person။ အလေးထား တိုင်ပင်ရမယ့်ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒါက ဥပဒေထဲမှာကို တရားဝင်ပြဋ္ဌာန်းထားတာ။ စီမံကိန်းတွေ လုပ်မယ့်အခါမျိုးမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလေးအနက်ထားပြီး တိုင်ပင်ဆွေးနွေးတာမျိုး လုပ်ပြီးမှ လုပ်မယ်ဆိုရင်… ဆိုလိုတာက တကယ်လို့များ နည်းနည်းလေး ချွတ်ချော်တိမ်းစောင်းခဲ့မယ် ဆိုရင်တောင်မှ အားလုံး ပူးပေါင်းတိုင်ပင်ပြီး လုပ်ကြတယ်ဆိုရင် ဒီဝေဒနာကို အားလုံး မျှဝေခံစားလို့ရတယ်။ အခုက သိပ်ပြီးတော့ တိုင်ပင်ဆွေးနွေးမှုတွေလည်း အမှန်အတိုင်းပြောရင် အားနည်းခဲ့တယ်။ ဒါကတော့ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီပေါ့။ အပြစ်ပြောနေတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ရှေ့လာမယ့် လုပ်ငန်းစဉ်တွေမှာဆိုရင်တော့ အထူးသဖြင့် ပြည်သူလူထုနဲ့ တိုက်ရိုက်ချိတ်ဆက် ပတ်သက်နေတဲ့ ကိစ္စမျိုးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထား ထည့်သွင်းစဉ်းစားသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ဟုတ်ကဲ့ပါ။ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ဒီဗွီဘီက ကျေးဇူးတင်ပါတယ်။ တွေ့ဆုံမေးမြန်းသူ - ပြည့်ဖြိုးကျော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024