ချင်းပြည်နယ်တွင် ကင်ဆာရောဂါ သုတေသန အမြန်ဆုံးလုပ်မည်
နေဖြိုးဝင်း
·
February 23, 2017
ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တခုဖြစ်တဲ့ ချင်းပြည်နယ်ထဲမှာ ကင်ဆာရောဂါ အဖြစ်များလာတဲ့အတွက် သုတေသန အမြန်ဆုံးလုပ်ဆောင်မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။
ဒီကနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် မဲဆန္ဒနယ်က ဦးကျင့်ခန့်ပေါင် မေးတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ဘင်းရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေဆို ရာမှာ အခုလို ထည့်သွင်းပြောတာ ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ရက်က နိုင်ငံတော်သမ္မတရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာ ဘာသွားတွေ့လဲဆို အစာအိမ်ယောင်တဲ့ ဟာတွေ၊ အစာအိမ်နဲ့ပတ်သက်တဲ့ ကင်ဆာ၊ အသည်းကင်ဆာတွေ များလာတာ တွေ့ရတဲ့အတွက် သုတေသနအမြန်ဆုံးလုပ်ပြီးတော့ ပြည်သူ့ကျန်းမာရေးကို ပညာပေးတွေ အများကြီး လုပ်ဖို့ လိုပါတယ်။ ဒါကို ပညာပေးလို့ရှိရင် ဆေးရုံလာတဲ့လူနာ အများကြီး နည်းသွားမှာဖြစ်ပါတယ်။ ဒါကို ကျနော်တို့ လုံးဝလုပ်မှာပါ။ မကြာခင်အတွင်းလုပ်မှာပါ။ ဟိုမှာလည်း လုပ်မယ်ဆိုတာ ပြောခဲ့ပါတယ်” လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
မွာလ်ဘင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကိုတော့ တိုက်နယ်ဆေးရုံအဆင့် တိုးမြှင့်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ၀န်ကြီးက ပြောသွားပါတယ်။