Home
မြန်မာသတင်း
လွှတ်တော်ကော်မတီများ သက်တမ်းတိုး၊ အဖွဲ့ဝင်များ အစားထိုးလဲလှယ်
DVB
·
February 23, 2017
ပြည်သူ့လွှတ်တော်ကော်မတီတွေရဲ့ သက်တမ်းတိုးတာ၊ ကော်မတီဝင်တွေ အစားထိုး လဲလှယ်တာ၊ တပ်မတော်သားကိုယ်စားလှယ်တွေကို ကော်မတီတွေမှာ လေ့လာသူတွေအဖြစ် ထည့်သွင်းဖွဲ့စည်းခြင်းတို့ လုပ်ဆောင်လိုက်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁၆ ရက်မှာ အမိန့်ကြေညာစာထုတ်ပြန်ပြီး ကော်မတီအတော်များများက အဖွဲ့ဝင်တွေကို ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ပြည်သူ့လွှတ်တော်ရှိ ကော်မတီ ၁၄ ခုစလုံးရဲ့ သက်တမ်းကို နောက်ထပ် ၁ နှစ် တိုးခဲ့တာဖြစ်ပြီး အဲ့ဒီကော်မတီအသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးစီကို လေ့လာသူအဖြစ် ထည့်သွင်းဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီအဖွဲ့ဝင် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ကော်မတီလုပ်ငန်းမှာ စိတ်မ၀င်စားသူတွေကို အစားထိုးလဲလှယ်တာ ရှိတယ်လို့ ပြောပါတယ်။ “ကော်မတီတခုကို ၁၅ ယောက်နဲ့ဖွဲ့တာမှာ အရွှေ့အပြောင်းတွေ ရှိတယ်။ ပြီးတော့ တာဝန်က ထုတ်ပယ်တာတွေ ရှိတယ်။ အဲ့ဒီနေရာမှာ လူအစားထိုးတယ်၊ တပ်မတော်သားကိုယ်စားလှယ် ကျတော့ နဂိုက တယောက်စီ ရှိပါတယ်။ ဗိုလ်မှူးကြီး ၁ ယောက်စီ ရှိတယ်။ အခု နှစ်ယောက်စီ လေ့လာသူအဖြစ် ဖြည့်တာပေါ့။ တချို့ကလည်း ကော်မတီမှာ စိတ်ပါဝင်စားမှုအားနည်းပြီးတော့ ကော်မတီအစည်းအဝေးတွေ မတက်ရောက်နိုင်သူတွေလည်း ရှိတာပေါ့။ အဲ့လို လူမျိုးကို အစားထိုး ပေးလိုက်တာပေါ့။” ပြည်သူ့လွှတ်တော်ကော်မတီအဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ်များ အစားထိုးလဲတာလည်း ပြုလုပ်ခဲ့ပါတယ်။ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်မှာ အမြဲတမ်းကော်မတီ ၄ ခု အပါအ၀င် ရေးရာကော်မတီပေါင်း ၁၄ ခု ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024