ဒီမိုကရက်တစ်အင်အားစု ခေါင်းဆောင်နှင့် ဦးအောင်မင်းတွေ့ဆုံ
DVB
·
December 23, 2011
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာနိုင်အောင်နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်းတို့ ဒီလ ၂၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ ဒေါက်တာနိုင်အောင်ရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
[caption id="attachment_14349" align="alignleft" width="230" caption="ဒေါက်တာနိုင်အောင်"][/caption]
ဒီလိုတွေ့ဆုံရာမှာ ဒေါက်တာနိုင်အောင်က အခုပြုလုပ်နေတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးမှုတွေဟာ နိုင်ငံရေး ဆွေးနွေးပွဲဆီသို့ ဦးတည်ဖို့ လိုတဲ့အကြောင်း၊ မြန်မာပြည် နိုင်ငံရေး အင်အားစုတွေ အားလုံး ပါဝင်တဲ့ နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို နိုင်ငံရေးဆွေးနွေးပွဲနဲ့ အားလုံး သဘောတူ ဖော်ထုတ်သင့်ကြောင်း တိုက်တွန်းခဲ့တယ်လို့ သူရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့လည်း ရထားဝန်ကြီး ဦးအောင်မင်းကို တိုက်တွန်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံမှုဟာ နှစ်ဦး မိတ်ဆက်တဲ့ သဘောနဲ့ တွေ့ဆုံခဲ့တာသာဖြစ်ပြီး ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုပြီး ဆွေးနွေးခဲ့တာ မရှိဘူးလို့လည်း ဒေါက်တာနိုင်အောင်က ဆိုပါတယ်။