သရဲပူးကပ်ခံရသည့် ဆယ်ကျော်သက်မိန်းကလေးကို ပယောဂချွတ်သည့်ရုပ်သံ ပျံ့နှံ့

အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေးတဦးဟာ သရဲတစ္ဆေပူးကပ် ခံခဲ့ရလို့ မိသားစုတွေက ဘုရားကျောင်း သင်းအုပ်ဆရာကိုခေါ်ပြီး ပယောဂချွတ်ပေးခဲ့ရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီမိန်းကလေးဟာ နီဂရာဂွါနိုင်ငံမှဖြစ်ပြီး သရဲတစ္ဆေ ပူးကပ်ခံရပြီး ထူးခြားတဲ့ပုံစံ၊ ထူးဆန်းတဲ့ အသံတွေနဲ့ ပြောနေခဲ့တာမို့ မိသားစုဝင်တွေက သင်းအုပ်ဆရာကို ခေါ်ခဲ့ရတာပါ။ သူဟာ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက နားထဲမှာ ထူးဆန်းတဲ့အသံတွေကို ကြားနေရပြီး မကောင်းဆိုးဝါးတွေရဲ့ ပုံရိပ်တွေကို မြင်နေခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ မိန်းကလေးဟာ ထူးဆန်းတဲ့အသံတွေနဲ့ ဝူးဝူးဝါဝါး ဟစ်အော်နေခဲ့ပြီး သောင်းကျန်းနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီမိန်းကလေးဟာ မိသားစုဝင်တွေရဲ့အလယ်မှာ ခုံတလုံးနဲ့အတူ ထိုင်နေခဲ့တာကို တွေ့ရပါတယ်။ သူဟာ စူးစူးဝါးဝါးအော်ဟစ်ပြီး ကန်ကျောက်ဖို့ ကြိုးစားခဲ့တဲ့အတွက် သူ့ရဲ့လက်တွေခြေတွေကို ဘေးကလူတွေက ချုပ်နှောင်ထားခဲ့ရတာကို တွေ့ရပါတယ်။ မိသားစုဝင်တွေကတော့ သမီးဖြစ်သူဟာ နေမကောင်းဖြစ်ချိန်မှာ သွားရောက်ပြသခဲ့တဲ့ စုန်းဆရာဝန် ပြုစားခံရပြီး ခုလိုဖြစ်ရတာလို့ ဆိုပါတယ်။ ဘုရားကျောင်းကတော့ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို မသိနိုင်သေးဘဲ အကြောင်းရင်းကို ရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up