Home
မြန်မာသတင်း
ပခုက္ကူ မြကန်သာ တပ်နယ်ပန်းခြံနယ်မြေကို လွှဲပြောင်းပေးရန် အစီအစဉ်မရှိသေး
နေဖြိုးဝင်း
·
February 22, 2017
မကွေးတိုင်း ပခုက္ကူမြို့ မြကန်သာ တပ်နယ်ပန်းခြံနယ်မြေကို မြို့နယ်စည်ပင်သာယာဌာနကို  လွှဲပြောင်းပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။ မကွေးတိုင်းဒေသကြီးကလွှတ်တော်ကိုယ်စားလှဝ်  ဦးမြမင်းဆွေက ပခုက္ကူမြို့ မြကန်သာပန်းခြံမြေနေရာ ၂၅ ဒသမ ၂၀ ဧကကို အမှတ် (၂၃၅) ခြေလျင်တပ်ရင်းက စည်ပင်သာယာရေးအဖွဲ့ကို လွှဲပြောင်းပေးအပ်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်လို့ ပြန်လည်ဖြေကြားတာဖြစ်ပါတယ်။ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်က မြကန်သာပန်းခြံ တည်ဆောက်ရေးကော်မတီဖွဲ့စည်းပြီး နိုင်ငံတော်က ထောက်ပံ့ငွေ ကျပ်သိန်း ၃၀ နဲ့ တပ်ပိုင်မြေအတွင်း စတင် တည်ဆောက်ခဲ့တာဖြစ်တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ “မြကန်သာပန်းခြံမြေ ၂၅ ဒသမ ၂၀ ဧကဟာ အမှတ် (၂၃၅) ခြေလျင်တပ်ရင်းရဲ့ တပ်ပိုင်မြေအဖြစ် ပြည်ထဲရေး အမိန့်ရရှိပြီး ဖြစ်ပါတယ်။ ပခုက္ကူမြို့မှာ အခြားပန်းခြံတွေ ရှိပြီးဖြစ်လို့ တပ်နယ်ပန်းခြံအဖြစ် ဆက်လက်ထားရှိဖို့ လိုသလို မြေငှားရမ်းခငွေတွေကို ကာကွယ်ရေးဌာနရ ငွေစာရင်းကို နှစ်စဉ်ပေးသွင်းနေတာနဲ့ တပ်ရင်းရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တာကြောင့် လွှဲပြောင်းပေးအပ်နိုင်ခြင်း မရှိသေးပါဘူး” ၂၀၀၅ ခုနှစ်မှာ မြကန်သာပန်းခြံအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို နိုင်ငံတော်က ထောက်ပံ့ငွေ ကျပ်သန်း ၄၀၀ ခွင့်ပြုပေးခဲ့ပြီး ပန်းခြံပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းကို စည်ပင်က တာဝန်ယူဖို့နဲ့ မြေပိုင်ဆိုင်မှုကို တပ်ပိုင်မြေအဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတော်အကြီးအကဲက ညွန်ကြားခဲ့တယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024