ဘင်္ဂလားဒေ့ရှ်ကို တရားမဝင်သွားရောက်မည့် လှေတစီး နတ်မြစ်တွင်း ဖမ်းမိ
DVB
·
February 22, 2017
မောင်တောမြို့နယ် နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင်သွားရောက်မယ့် လှေတစီး ဖမ်းဆီးရမိပါတယ်။
မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တပ်မတော်(ရေ) မှ နယ်မြေလုံခြုံရေးလှည့်ကင်း ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၄ နာရီ ၄၀ မိနစ်လောက်မှာ ရေယာဉ်ရဲ့အနောက်မြောက်ဘက် ၃ မိုင် လောက်အကွာမှာ တောင်မှမြောက်သို့ ခုတ်မောင်းနေတဲ့ မသင်္ကာဖွယ်ရာ စက်တပ်လှေငယ်တစီးကို ဖမ်းဆီးရမိခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
လှေပေါ်မှာ ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာနေ ကိုနီမူလာ (၃၅-နှစ်)၊ ခေါင်းတုတ်ကျေးရွာနေ အာမင်နူဟော့ (၁၈-နှစ်)၊ ဖက်ကုန်း ကျေးရွာနေ စီဒီအာမောက် (၄၀-နှစ်)နဲ့ အကီယား (၃၅-နှစ်)၊ ၀ကန်းကျေးရွာနေ နာဆဲ (၅၇-နှစ်)၊ လှဆောင်ကောက်ကျေးရွာနေ ယာက်မီနာ (၁၆-နှစ်) နဲ့ နုရာဆီဇာ (၂-နှစ်)၊ စစ်တွေမြို့နယ် သဲချောင်းကျေးရွာနေ မာမွတ်နုလမ်း (၃၁-နှစ်)၊ ပေါက်တောမြို့နယ် အနောက်ရပ်ကွက်နေ လာလူး (၂၆-နှစ်)၊ ပုဏ္ဏားကျွန်းမြို့နယ် သံတက်ခါလီကျေးရွာနေ ဂျမ်ဟူဆောင် (၄၂-နှစ်)၊ သာတီကျေးရွာနေ ဟာဒီနူလာ (၃၂-နှစ်)၊ စုစုပေါင်း ၁၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူတွေကို စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။