Home
မြန်မာသတင်း
မင်းဘူးမြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှု ရပ်ဆိုင်းပေးရန် အစီအစဉ်မရှိသေး
နေဖြိုးဝင်း
·
February 21, 2017
မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက ထုတ်ပြန်ထားတဲ့  ပုဒ်မ ၁၄၄  အမိန့်ကို  ရပ်ဆိုင်းပေးဖို့ အစီအစဉ်မရှိဘူးလို့  ပြည်ထဲရေးဝန်  ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မကွေးတိုင်းက လွှတ်တော်အမတ်ဦးတင်အောင်ထွန်းက မင်းဘူး၊ စကုမြို့နယ်မှာ ပကတိအခြေအနေဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ဖို့ လိုအပ်တဲ့အကြောင်း တစုံတရာမရှိဘဲ မင်းဘူး၊ စကုမြို့နယ် တနယ်လုံးနီးပါးကို မန်းရေနံမြေဧရိယာအဖြစ် သတ်မှတ်ပြီး နေရာ ၄၉ နေရာကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်အမိန့်ကို မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ၂ လ တကြိမ် ထုတ်ပြန်ခဲ့တာဟာ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုမရှိလို့ ရပ်ဆိုင်းပေးဖို့ ရှိ၊ မရှိ မေးမြန်းခဲ့တာပါ။ မကွေးတိုင်းအတွင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်မှာ ရေနံမြေလုပ်ငန်း ၇ ခုဖြစ်တဲ့ မန်းရေနံမြေ၊ ထောက်ရှာပင်ကမ်းနီ ရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ ချောက်လမ်း ရွာရေနံမြေ၊ ကျောက်ခွက်-လက်ပံတို- အရာတော်ရေနံမြေ၊ သားကြီးတောင်-စံပယ်ရေနံမြေ၊ ထန်းကိုင်းဒေသရေ နံမြေတို့ကို The Burma Oil Free Act 1980 Section 3 နဲ့ The Burma Oil Free Manual 1938 တို့အရ အမိန့်ထုတ်ပြန်သတ်မှတ်ပေးတာ ဖြစ်တယ်ပါတယ်။ ရေနံမြေနယ်နိမိတ်အတွင်းမှာရှိတဲ့ နိုင်ငံပိုင်ရေနံတွင်း၊ ရေနံတွင်းတူးစက်၊ ရေနံပိုက်လိုင်း၊ ရေနံသိုလှောင်ကန် တွေ၊ စက်ရုံအလုပ်ရုံအဆောက်အဦးတွေ၊ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို မသမာသူတွေက ၀င်ရောက်ခိုးယူ နှောင့်ယှက်ဖျက်ဆီးမှုတွေ မရှိစေရေးအတွက် တားမြစ်တဲ့အမိန့်ကို မကွေးတိုင်းပြည်သူ့ကောင်စီက ၁၉၇၇ ခုနှစ် အောက်တိုဘာကစပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့ပါတယ်။ “အဲအချိန်ကစပြီး ရေနံမြေအလိုက် သက်ဆိုင်ရာ၊ ခရိုင်၊ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှုးဦးစီးဌာနမှာ တား မြစ်ကန့်သတ်နယ်မြေဧရိယာအဖြစ် ၂ လ တကြိမ် စဉ်ဆက်မပြတ် ထုတ်ပြန်လျက်ရှိပါတယ်” လို့ ဗိုလ်ချုပ် အောင်စိုးက ပြောပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့မြေဧရိယာအတွင်းမှာ မသမာသူတွေက အဖျက်အမှောင့်လုပ်ငန်းတွေ ၀င်ရှောက် ဆောင်ရွက်ခံရရင် နိုင်ငံတော်ပိုင်ပစ္စည်းနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေ ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ အများပြည်သူတွေရဲ့ အ သက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးထိခိုက်နိုင်ခြင်းတို့ကြောင့် ဥပဒေအရ မဖြစ်မနေကာကွယ်တားဆီးဖို့ လိုအပ် ကြောင်း တွေ့ရှိရတယ်လို့ လည်းပြောပါတယ်။ “မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရေနံမြေ ၇ ခုမှာ ရာဇ၀တ်ကျင့်ထုံဥပဒေပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ရခြင်းဟာ ၁၉၇၇ ခုနှစ်ကစပြီး အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်အရ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အမိန့် ထုတ်ပြန်ရာမှာ တားမြစ်နယ်မြေအတွင်းမှာရှိတဲ့ ကျေးရွာတွေကို ကျေးရွာနယ်မြေ အလိုက် ကန့်သတ်နယ်မြေ အဖြစ်သတ်မှတ်တာကနေ ကင်းလွတ်ခွင့်ပြုပြီး ထုတ်ပြန်ခဲ့တာဖြစ်ပြီး အမိန့်ထုတ်ပြန်ကာကွယ်ပေးထားတဲ့ ကြားက ရေနံပိုက်လိုင်းတွေ ခိုးယူမှုကြောင့် နိုင်ငံဘဏ္ဍာငွေ ဆုံးရှုံးခြင်း၊ ပြည်သူ့အသက်အိုးအိမ်ဆုံးရှုံးခြင်းတွေ ဖြစ်ပွား စေနိုင်တဲ့အတွက် အခြားကာကွယ်ပေး နိုင်တဲ့ ဥပဒေတွေ မပြဌာန်းမီကာလအတွင်း မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် မန်းရေနံမြေနဲ့ ထောက်ရှာပင်ကမ်းနီရေနံမြေတို့မှာ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်တာကို ရပ်ဆိုင်းပေးဖို့ အစီအစဉ်မရှိပါဘူး ” လို့ ဗိုလ်ချုပ်အောင်စိုးက ဆိုပါတယ်။ ဒီလိုတားမြစ်မိန့်ထုတ်ပြန်တဲ့ကြားကနေ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလကနေ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ မသမာသူတွေက ရေနံမြေဧရိယာအတွင်းဝင်ရောက်ပြီး ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ခိုးယူတာ၊ ရေနံပိုက်လိုင်းတွေဖောက်ပြီး ရေနံခိုးယူတာ၊ တရားမ၀င်ရေနံတွင်းထိမ်တွေ တူးဖော်ဆောင်ရွက်ခဲ့တာကြောင့် သက်သေခံပစ္စည်းတွေနဲ့ အတူ အမှုပေါင်း ၂၄၅ မှု၊ လူဦးရေ ၂၄၆ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့ရတယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024