အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ဒု-ဗိုလ်ချုပ်ကြီးမက်မာစတာကို ခန့်အပ်

ဓာတ်ပုံ - ရိုက်တာ
သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့တပတ် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်က နုတ်ထွက်ခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး မိုက်ကယ်ဖလင်း (Michael Flynn) ရဲ့ နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး အိတ်ခ်ျအာ မက်မာစတာ (H.R McMaster) နဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က အစားထိုး ခန့်အပ်လိုက်ပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိသစ် ဒုတိယဗိုလ်ချုပ်ကြီး မက်မာစတာဟာ အရင်က အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမဦးစားပေးဖြစ်တဲ့ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ရောဘတ် ဟာဝ့ါဒ် (Robert Harward) ကတော့ သမ္မတရဲ့ ကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။ လုံခြုံရေးအကြံပေးအရာရှိ မက်မာစတာဟာ အရည်အချင်းရော၊ အတွေ့အကြုံပါ ပြည့်ဝသူဖြစ်တယ်၊ တပ်ထဲမှာလည်း အများလေးစားခံရသူဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ကိုခန့်အပ်အပြီး ချီးမွမ်းပြောဆိုပါတယ်။ ဗိုလ်ချုပ်ကြီး မက်မာစတာဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် တက္ကသိုလ်ကနေ အမေရိကန်သမိုင်းဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ ရရှိခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာလည်း တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ် အယောက် ၁၀၀ စာရင်းထဲ ပါဝင်ပါတယ်။ အခုလို နိုင်ငံအတွက် ဆက်လက်ထမ်းဆောင်ခွင့်ရတာ ထူးမြတ်တဲ့ အခွင့်အရေးဖြစ်တယ်၊ နိုင်ငံတော်လုံခြုံရေးအဖွဲ့နဲ့အတူ တာဝန်ထမ်းဆောင်သွားမှာပါလို့ ဒု-ဗိုလ်ချုပ်ကြီး မက်မာစတာက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up