Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အစိမ်းရောင်စာအုပ်များ ထုတ်ပေးမည့်ရက် ကြေညာ
နန်းမြနဒီ
·
February 21, 2017
  ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ပန်းရောင်နေထိုင်ခွင့်ကတ်ရှိပေမယ့် မြန်မာမှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား မရှိတာကြောင့် နိုင်ငံကူးလက်မှတ်မလုပ်ရသေးတဲ့ အလုပ်သမားတွေအတွက် အဆင်ပြေစေဖို့  မြန်မာအစိုးရက စီအိုင်လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြစာအုပ် (အစိမ်းရောင်) တွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ လာမယ့် မတ်လ ၃ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းမြို့နယ် မဟာချိုင် ၁ နဲ့ မဟာချိုင် ၂၊ ဆမွတ်ပရကန်မြို့၊ ရနောင်း၊ မဲဆောက်နဲ့ မယ်ဆိုင် စတဲ့ မြို့နယ် ၅ ခုမှာ စခန်းတွေလာဖွင့်ပြီး ဆောင်ရွက်ပေးသွားမှာမို့  အလုပ်သမားတွေအနေနဲ့ မတ်လ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံရှိ ဆဲဗင်း အီလဲဗင်းဆိုင် ငွေလက်ခံကောင်တာမှာ အရင်ဆုံးငွေသွားသွင်းလို့ရပြီလို့ မြန်မာအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ အစိမ်းရောင်စာအုပ် လုပ်ရင်ကုန်ကျငွေမှာ ထိုင်းဘတ် ၃၀၀ (သုံးရာ)ဖြစ်ပြီး နိုင်ငံကူး လက်မှတ်အတွက်တော့ ဘတ် ၁၀၅၀ (တစ်ထောင့်ငါးဆယ်) သာကုန်ကျမှာဖြစ်ကြောင်း၊  မြန်မာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားရှိသူများမှာတော့ အစိမ်းရောင်စာအုပ်လုပ်စရာမလိုဘဲ နိုင်ငံကူး လက်မှတ်တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း၊ အပိုငွေတွေ ထပ်ပြီးမကုန်ရအောင် ပွဲစားနဲ့ မလုပ်ဘဲ အလုပ်သမားကိုယ်တိုင်ကိုယ်ကျသွားလုပ်ဖို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက တိုက်တွန်းထား ပါတယ်။ အလုပ်သမားတွေအနေနဲ့ အစိမ်းရောင်စာအုပ် လုပ်ခြင်းအားဖြင့် ခရီးသွားလာရေး အဆင်ပြေ သွားမယ်လို့ ဘန်ကောက်အခြေစိုက် ထိုင်းမြန်မာသံရုံးမှ မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။ “ပန်းရောင်နေထိုင်ခွင့်ကတ် (TR - 38) ပဲရှိတဲ့ အလုပ်သမားက နယ်ကျော်လို့မရဘူးလေ၊ အစိမ်းရောင်စာအုပ်လုပ်တော့ သူတို့ သွားဖို့လာဖို့ အဆင်ပြေသွားမယ်၊   သူတို့ကို အစိမ်းရောင်စာ အုပ်ထုတ်ပေးဖို့ မြန်မာပြည်က ၀န်ထမ်းတွေ ၂၇ ရက်ရောက်လာကြမယ်။  အဲဒီဖွင့်ထားတဲ့ စခန်းတွေမှာ အလုပ်သမားတွေအတွက် တနေ့တည်းအပြီး လုပ်ပေးမယ်။ စခန်းဖွင့်ချိန် ဘယ် ၂ လကြာမလဲတော့ မသိဘူး။ ပြီးတဲ့အထိ လုပ်ပေးသွားမှာပါ။ ဒါပေမယ့် နိုင်ငံကူးလက်မှတ်ကတော့ ချက်ချင်းရဦးမှာ မဟုတ်ဘူး။ နိုင်ငံသားစိစစ်ရေးတွေ လုပ်ရဦးမှာမို့ ၆ လထိ ကြာရင်ကြာမယ်။ ပန်းရောင်ကဒ်လည်းရှိ အိမ်ထောင်စုဇယား မှတ်ပုံတင်ရှိတယ်ဆိုရင်တော့ အစိမ်းရောင်စာအုပ်လုပ်ဖို့ မလိုဘူး။ တန်းပြီး ထိုင်းမြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် လာလျှောက်ထားရုံပဲ၊ အဲဒီနိုင်ငံကူးစာအုပ် သက်တမ်းက ၄ နှစ်ရှိတယ်။ ဗီဇာဘယ်လောက်ပေးမလဲ ဆိုတာတော့ ထိုင်းလ၀ကနဲ့ ဆိုင်သွားပြီ။” အလုပ်သမားတွေ နယ်မြေထွက်ခွာပြီး အစိမ်းရောင်စာအုပ်လုပ်မယ်ဆိုရင် လမ်းခရီးမှာ အဖမ်းမခံရဖို့ သက်ဆိုင်ရာ ခရိုင်အလုပ်သမားရုံးတွေက နယ်မြေထွက်ခွာခွင့် ထောက်ခံစာ ထုတ်ပေးမယ်လို့ သူက ဆက်ပြောပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဦးစိန်ဌေးကလည်း အစိမ်းရောင်စာအုပ် ထုတ်ပေးမယ့်ကိစ္စပြောနေတာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဖြစ်ပြီး အခု တကယ်လုပ်ပေးမှာ ဆိုတော့ မြန်မာအစိုးရရဲ့ စီစဉ်မှုတွေ ပိုတိုးတက်လာတယ်လို့ ဆိုရမှာဖြစ်ကြောင်း၊ ဒါပေမယ့် အလုပ်သမားတွေ ကိုယ်တိုင်လာလုပ်နိုင်အောင် လုပ်နည်းအဆင့်ဆင့်ကို ထုတ်ပြန်ခြင်း၊ အသိပညာပေးခြင်းတွေ ပြုလုပ်သင့်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။ “မြန်မာအစိုးရရဲ့ စီစဉ်မှုတွေက ပိုတိုးတက်လာတာပေါ့နော်၊ ပွဲစားတွေ ကြားဖြတ်ယူလို့ မရအောင် ဆဲဗဲင်းအလဲဗဲင်းမှာ ပိုက်ဆံသွားသွင်းတာတို့ ဘာတို့ပေါ့၊ ဒါပေမယ့် စီအိုင်စာအုပ်ရရုံနဲ့ မပြီးသေးဘူး၊ ထိုင်းလ၀ကမှာ ဗီဇာထုတာတို့ ဘာတို့ ရှိသေးတယ်။ ဒါကြောင့် လုပ်ပုံအဆင့်ဆင့်တွေ အလုပ်သမားတွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့် သိရအောင် ထုတ်ပြန်ပညာပေးသင့်ပတယ်။   ထိုင်း လ၀ကရုံးမှာလည်း အလုပ်သမားတွေ အရစ်မခံရအောင် ညှိနှိုင်းပေးစေချင်တယ် ” ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံကနေ ၀င်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားစုစုပေါင်း ၃ သန်းကျော်ရှိပြီး အဲဒီထဲမှာ အစိမ်းရောင်စာအုပ်လုပ်ဖို့ လိုအပ်တဲ့လူတွေက အနည်းဆုံး ၅ သိန်းဝန်းကျင်လောက်ရှိမယ်လို့  ဦးစိန်ဌေးက ခန့်မှန်းပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024