ပုန်းရှောင်နေမယ်ဆိုရင် ဘယ်တော့မှ ဖြစ်ချင်တာတွေ ဖြစ်လာမှာမဟုတ်ဘူး – နီပေါလ်နိုင်ငံ၏ ပထမဆုံး လိင်ပြောင်းမော်ဒယ် (ရုပ်သံ)

"တကယ်လို့ ရှင်က လိင်အင်္ဂါပြောင်းလဲထားပြီး လူ့အသိုင်းအဝိုင်းထဲမှာ ဖုံးကွယ် တိမ်းရှောင်နေမယ်ဆိုရင်တော့ ဘဝမှာ ရှင်တို့ဖြစ်ချင်တာတွေကို ဘယ်တော့မှ ရလာလိမ့်မှာ မဟုတ်ဘူး။” အဲဒီလို ပြောလိုက်သူက နီပေါလ်နိုင်ငံရဲ့ ပထမဆုံးသော လိင်ပြောင်းမော်ဒယ်လ် အန်ဂျလာ လာမား ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ အိန္ဒိယဖက်ရှင်ရှိုးတခုမှာ သရုပ်ပြပါဝင်ခဲ့တာပါ။ သူဟာ ၂၀၀၉ ခုနှစ်မှာ စတင်ပြီး မော်ဒယ်လောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အစပိုင်းမှာ ဘယ်သူကမှ ရွေးချယ်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ “လူတွေကပြောကြတယ်။ ကျမက လိင်အင်္ဂါ ခွဲစိတ်ပြုပြင်ထားလို့တဲ့။ သူတို့ ကျမကို ဖက်ရှင်ရှိုးတွေမှာသုံးဖို့ မရွေးချင်ခဲ့ဘူးလေ။ ကျမ အားမလျှော့ခဲ့ဘဲ ရအောင်ကြိုးစားခဲ့ရပါတယ်။ ခုချိန်မှာတော့ ကျမလည်း တခြားမော်ဒယ်တွေနဲ့ မခြားနားဘူးလို့ ခံစားရပါတယ်။” သူဟာ ငယ်စဉ်ကတည်းက မိန်းကလေးတယောက်လိုဝတ်ပြီး နေချင်ခဲ့တယ်၊ အလှပြင်ချင်ခဲ့တဲ့အတွက် ကျောင်းမှာ ခွဲခြား အနိုင်ကျင့်ခံရတာတွေ ရှိခဲ့ဖူးတယ်လို့ ပြောပါတယ်။ “ကျမသူငယ်ချင်းတွေနဲ့ ဆရာဆရာမတွေက ပြောလေ့ရှိတယ်။ နင်ဟာ ယောက်ျားလေးဖြစ်ရက်နဲ့ ဘာလို့ မိန်းကလေးတယောက်လို နေနေရတာလဲ။ ကျမ ဘာလုပ်သင့်သလဲလို့ စဉ်းစားခဲ့တယ်။ ကျမကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူး” လို့ သူက ပြောပါတယ်။ အဲဒီအချိန်မှာပဲ သူဟာ လိင်အင်္ဂါပြောင်းလဲထားသူတွေကို တွေ့မြင်ပြီး အဲဒီလိုလုပ်ဖို့ မိသားစုကို ပြောခဲ့ချိန်မှာ သူ့ရဲ့အစ်ကိုဖြစ်သူက ဘယ်တော့မှ အိမ်ကို ပြန်မလာခဲ့ဖို့ ပြောခဲ့ပါတယ်။ ဒါဟာ သူ့ကို တွန်းအားတခု ပေးလိုက်သလိုပါပဲ။ အန်ဂျလာ လာမားဟာ သူ့ကိုယ်သူ ဘာဖြစ်တယ်ဆိုတာကို ဖော်ပြဖို့ ကြိုးစားခဲ့ပြီး ဒါကို ဖြစ်အောင်လုပ်နိုင်ခဲ့တာပါ။ “ထွက်လာခဲ့ပါ။ ရှင်ဘယ်သူဖြစ်တယ်ဆိုတာကို ဖော်ပြပါ။ ကိုယ်နေချင်တဲ့ နေရာမှာ နေရမယ်။ ဒီအတွက် မိသားစု၊ မိတ်ဆွေတွေနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကိုယ်လိုချင်တာအတွက် ဘာဖြစ်ဖြစ် တိုက်ယူရပါမယ်။ ပုန်းရှောင်မနေပါနဲ့။ စစချင်း ကြုံတွေ့ရမယ့် ပြဿနာတွေနဲ့ ကာလဟာ ၁ နှစ်၊ ၂ နှစ်အတွင်းလောက်ပါပဲ။ အဲဒီနောက်မှာ လူတွေ ဒီအကြောင်းကို ထပ်ပြောကြတော့မှာ မဟုတ်ပါဘူး။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up