သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံတာဟာ အကြိမ်အရေအတွက် များလာခဲ့ပါပြီ။ သူလုပ်နေတဲ့ လုပ်ငန်းတွေဟာ အောင်မြင်နေပါသလား။ မနေ့က တွေ့ဆုံခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ပဒိုဒေးဗစ်ထောကို ဆက်သွယ်မေးမြန်ထားပါတယ်။

ဦးအောင်မင်းက တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကို လိုက်တွေ့တာတွေ လုပ်တော့ သူက ဘယ်လိုမူတွေကို အခြေခံပြီးတော့ တွေ့တာလဲ။ နောက်တခုက ဆရာတို့ရော ဘယ်လို၊ အစိုးရအနေနဲ့ရော ဘယ်လို အချက်အလက်တွေ ရှိတယ်၊ သူတို့ဘက်ကလည်း မလျှော့ပေးနိုင်တာမျိုးတွေ ရှိလား။
“ကျနော်မြင်တာကတော့ ဦးအောင်မင်းအနေနဲ့က နိုင်ငံတော်သမ္မတကြီး ကနေ သူ့ကို တာဝန်ပေးတယ်ဆိုတာက ဒါ နံပါတ်တစ်ပေါ့နော်။ နံပါတ်နှစ်ကတော့ နိုင်ငံတော်သမ္မတကြီးကနေပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို သွားချင်တဲ့ ဆန္ဒရှိတယ် ဆိုတာကိုလည်း ကျနော်တို့ သိရတယ်။ ဦးအောင်မင်း ကိုယ်တိုင်ကလည်း ဒီလုပ်ငန်းစဉ်အပေါ်မှာ သူ့အနေနဲ့ စိတ်ဝင်စားတယ်။ လုပ်လည်း လုပ်ချင်တဲ့ ဆန္ဒရှိတဲ့အတွက်ကြောင့် သူက ကြိုးစားပြီးတော့ လုပ်နေတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။ ဒီအလွတ်သဘော တွေ့ဆုံရေးအတွက် သူကနေပြီးတော့ ကျနော်တို့ တွေ့နိုင်တဲ့နေရာ၊ တွေ့ချင်တဲ့နေရာ အဲဒါတွေထိကို သူလိုက်လာပြီးတော့ နိုင်ငံတော် အစိုးရရဲ့ သဘောထားတွေကိုလည်း သူ ပြောပြတယ်။ နောက်တခုကလည်း တိုက်ရိုက် သမ္မတကြီးနဲ့ အဆက်အသွယ် ရှိတဲ့အတွက်ကြောင့် သူ့အနေနဲ့ ကျနော်တို့ကနေပြီး သူမှတဆင့်ပေါ့ စကားပါးချင်ရင် သူ့အနေနဲ့ ပါးလာတဲ့ သတင်းစကားကိုသူ ပြည်လည် သယ်ဆောင်ပေးနိုင်တဲ့ အနေအထားရှိတယ်လို့ ကျနော်တို့ သိရပါတယ်။”
ကရင် အမျိုးသားအစည်းအရုံးနဲ့ တွေ့တာ ၃ ခေါက်လောက် ရှိသွားပြီ။ ဆရာတို့ အနေနဲ့ အဲဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ဘာတွေအဆင်ပြေ၊ ဘာတွေ ခက်ခဲတာ ရှိသေးလဲ။
“လောလောဆယ် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာတော့ ကျနော်တို့ အနေနဲ့ ဦးအောင်မင်းနဲ့ ပြောဆိုဆွေးနွေးတာ အခက်အခဲ တစုံတရာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အနေနဲ့ တရားဝင်ဆွေးနွေးရမယ့် အချက်အလက်တွေကလည်း အခု စပြီးတော့ ကျနော်တို့ တချို့ ပြောဆိုတဲ့အပိုင်းမှာ ထည့်သွင်း တီးခေါက်ပြီး မေးမြန်းတဲ့အခါကျတော့ အကုန်လုံးနီးနီးကို အဆင်ပြေနေတယ်လို့ပဲ ကျနော်တို့ ပြောလို့ ရပါတယ်။”
သူတို့ ဘယ်လိုချဉ်းကပ်ပြီးတော့ ရောက်ခဲ့တာလဲ။
“ဩဂုတ်လ ၁၈ ရက်နေ့ နိုင်ငံတော်က ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်းမှာ သူတို့အနေနဲ့ ကျနော်တို့ဆီကို ရောက်နိုင်တဲ့ လမ်းကြောင်းမျိုးစုံကို အဆက်အသွယ် ရှာပြီးတော့ ကျနော်တို့နဲ့ တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။ ကျနော်တို့ ကေအန်ယူ အဖွဲ့အစည်းအနေနဲ့ကလည်း တခြားသော ဆက်စပ်မှုတွေ ရှိနေတဲ့ လူတွေကလည်း သူနဲ့အတူ ပါလာတာကို တွ့ရတယ်။ ဥပမာ ဒေါက်တာကျော်ရင်လှိုင်တို့ ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်း မစခင်ကတည်းက ကေအန်ယူက လူပုဂ္ဂိုလ်တချို့နဲ့ သိရှိနေတယ်ဆိုတဲ့ အနေအထားမျိုးလည်း ရှိတယ်။ နောက်တချို့ စီးပွားရေးလုပ်ငန်းကို လုပ်နေကြတဲ့ ပုဂ္ဂိုလ်တချို့ကလည်း လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကေအန်ယူနဲ့ ထိစပ်ပြီးတော့ ဆက်စပ် ပြောဆိုသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတဲ့အတွက်ကြောင့် အဲဒီကနေတဆင့် ကြိုးစားပြီးတော့ အဆက်အသွယ် ယူခဲ့တာ ဖြစ်ပါတယ်။”

ကေအန်ယူအဖွဲ့တင် မဟုတ်ဘူးပေါ့။ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိသလို လက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ ကျန်တဲ့ ဥပမာ ပီဒီအက်ဖ်တို့လိုမျိုး၊ ကျောင်းသားတပ်မတော်လို ပုံစံမျိုး ရှိခဲ့တယ်။ အဲဒီအတွက်ရော သူတို့မှာ တွေ့ဖို့ရော ပေါ်လစီရှိလား။
“ကျနော် သိရသလောက်ကတော့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်မှာ သူ အာရုံစိုက်ပြီးတော့ လုပ်နေတယ်လို့ပဲ ကျနော် သိရတယ်။ တခြားသော လက်နက်ကိုင် အဖွဲ့အစည်းကိစ္စကိုတော့ သူ ပြောဆိုခြင်းတော့ ကျနော် မကြားရပါဘူးခင်ဗျ။”
ဆရာက သူနဲ့တွေ့ခဲ့တာ ဘယ်နှကြိမ်မြောက်လဲ။
“ကျနော်က နှစ်ကြိမ်မြောက်ပေါ့။”
သူနဲ့တွေ့တဲ့အခါ ဘယ်လိုများ ခံစားရတယ်ဆိုတာ ပြောပြပေးပါလား။
“ကျနော် မြင်တာက သူကတော့ အရင်က စစ်ဗိုလ်ချုပ်ဟောင်းတဦးလည်း ဖြစ်တယ်။ အဲဒါကြောင့် သူကောင်းကောင်းနားလည်တယ်လို့ ကျနော် သဘောပေါက် နားလည်တယ်။ နောက် သူအခုကိုင်နေတဲ့ တာဝန်ကတော့ မီးရထားဝန်ကြီး၊ ဒါပေမယ့် လုပ်နေတဲ့အလုပ်က မီးရထားအလုပ်နဲ့ ဘာမှ ဆက်စပ်မှု မရှိတဲ့ အလုပ်တွေ ဖြစ်နေတယ်။ တဖက်ကလည်း မြင်ရတာကတော့ သူက တပ်အကြောင်းကိုလည်း နားလည်တယ်၊ နောက်တခုကလည်း ငြိမ်းချမ်းရေး ကိစ္စတွေမှာလည်း ဟိုအရင်တုန်းက ပါခဲ့ဖူးတယ်။ မြောက်ပိုင်းဒေသဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်တဲ့ ကိစ္စတွေမှာ သူ စိတ်ဝင်စားတယ်၊ လုပ်လည်း လုပ်ချင်တဲ့ ဆန္ဒရှိတယ် ဆိုတော့ သူကတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်းနဲ့ သူဖြတ်သန်းရတဲ့ အတွေ့အကြုံကို ကျနော်တို့ကို မျှဝေပေးတယ်။ နောက်ပြီးတော့ သူ့စိတ်ကိုလည်း စိတ်ရင်းအတိုင်းပဲ သူပြောတယ်လို့ပဲ ကျနော်တို့လည်း မှတ်ယူပါတယ်။”
အာင်မြင်မယ်လို့ရော ထင်ပါသလား။
“ဒီဟာက ကျနော်တို့ နှစ်ဖက်အပေါ်မှာ မူတည်ပါတယ်။ တယောက်နဲ့ တယောက် စောင့်စည်းပြီးတော့ လုပ်ဆောင်ရမယ့် ကိစ္စတွေကို ကျနော်တို့ နှစ်ဖက်က လိုက်နာကျင့်သုံးမယ် ဆိုရင်တော့ အောင်မြင်ဖို့ကတော့ ကျနော်ထင်တယ် များပါတယ်။”