Home
မြန်မာသတင်း
မွန်ပြည်နယ်အစိုးရနှင့် လွှတ်တော်ကြား ဘတ်ဂျက်သုံးစွဲမှုပြဿ နာရှိဟု မွန်လွှတ်တော်ဥက္ကဋ္ဌ ပြော
ဇေယျာချမ်းအေး
·
February 20, 2017
မွန်ပြည်နယ်အစိုးရနဲ့ လွှတ်တော်အကြားမှာ ဘတ်ဂျက်သုံးစွဲမှုပြဿနာရှိခဲ့တယ်လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောဆိုလိုက်ပါတယ်။ မွန်ပြည်နယ်အစိုးရက အရင်လွှတ်တော်သက်တမ်းအတွင်းအတည်ဖြစ်ခဲ့တဲ့ VIP ရိပ်သာတည်ဆောက်ရေးနဲ့ ဥပဒေရုံးတည်ဆောက်ရေးအတွက် ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော်ကို အခုအစိုးရလက်ထက်မှာ စတင် သုံးစွဲခဲ့ပါတယ်။ အဲဒီသုံးစွဲမှုနဲ့ပတ်သက်ပြီး အစိုးရသစ်လက်ထက်လွှတ်တော်က ပြည်သူကိုတိုက်ရိုက်အကျိုးမပြု တဲ့လုပ်ငန်းဖြစ်တဲ့အတွက် မသုံးစွဲဖို့ ၂၀၁၆အောက်တိုဘာလမှာအဆိုတင်သွင်းအတည်ပြုခဲ့ပါတယ်။ အဲဒီအတွက် လက်ရှိမွန်ပြည်နယ်အစိုးရက ငွေကြေးသုံးစွဲခွင့်မရှိတော့ပါဘူး။ ဒီအခြေအနေမှာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ငွေကြေးကိုဆက်လက်သုံးစွဲခဲ့ပြီး ငွေကျပ် သိန်း ၈၇၀၀ ကျော်ကိုပဲ လွှတ်တော်ကို ပြန်ပေးအပ်ခဲ့ပါတယ်။ အဲဒီအခြေအနေမှာ အစိုးရနဲ့လွှတ်တော်ကြား ဘတ်ဂျက်သုံးစွဲမှုပြဿနာဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ “လွှတ်တော်ကအတည်ဖြစ်ထားတဲ့ မေးခွန်းတွေအဆိုတွေဟာ တည်ဆဲပြဋ္ဌာန်းဥပဒေလိုပဲ လိုက်နာမယ်။ ကျမတို့က ဥပဒေပြုရေး အစိုးရဘက်က အုပ်ချုပ်ရေးမဏ္ဍိုင် ကျမတို့က ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ သူ့အလုပ်သူ လုပ်ပဲ။ ကျွန်မတို့လွှတ်တော်က အတည်ပြုထားတဲ့ အဆိုကို အစိုးရဘက်ကအကောင်အထည်မဖော်ဘူး။ သူတို့က ဆက်လုပ်တယ်ဆိုရင် သူတို့တာဝန်သူတို့ပဲဖြစ်တယ်။ ကျမတို့အစိုးရကလည်းအသစ် လွှတ်တော်ကလည်းအသစ်။ ကျမတို့က အစိုးရရဲ့အုပ်ချုပ်ရေးအာဏာကို ဝင်မစွက်ဘူး။ လွှတ်တော်က အတည်ဖြစ်ထားတဲ့ အဆိုကိုတော့ အစိုးရက မုချအကောင်အထည်ဖော်ရမယ်။ သူတို့က အကောင်အထည်ဖော်တဲ့နည်းလမ်း မမှန်ရင်တော့ ၂၀၀၈ အခြေခံဥပဒေမှာပါဝင်တဲ့ ပုဒ်မတွေရှိတယ်။ အဲဒီပုဒ်မတွေအတိုင်း ဆောင်ရွက်သွားဖို့ ကျမတို့ လွှတ်တော်က ပြင်ဆင်သွားမယ်။ VIP ဧည့်ရိပ်သာ၊ ဒုတိယခေါင်းစဉ်ကတော့ ငွေကြေးပေါ့။ ဥပဒေရုံးဆောက်ဖို့ရော ဧည့်ရိပ်သာဆောက်ဖို့ရော ပြီးခဲ့တဲ့လွှတ်တော်က ငွေကြေးကို အတည်ပြုထားလို့ သူတို့က လုပ်တယ်ဆိုတာ သူတို့မမှားသလို ကျမတို့က လည်းပြီးခဲ့တဲ့ ဘတ်ဂျက်ကအတည်ပြုထားတဲ့ ဘတ်ဂျက်ဖြစ်ပါစေ၊ ပြည်သူကိုတိုက်ရိုက်အကျိုးမဖြစ်တဲ့ အဆိုဖြစ် တဲ့အတွက် ပြည်သူကို တိုက်ရိုက်အကျိုးဖြစ်မယ့်လုပ်ငန်းမှာ သုံးမယ်ဆိုပြီး အတည်ဖြစ်အောင်မြင်ခဲ့တဲ့အဆိုပါ” လို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိကပြောပါတယ်။ လက်ရှိအချိန်မှာ မွန်ပြည်နယ်အစိုးရက လွှတ်တော်ကိုပြန်ပေးအပ်ခဲ့တဲ့ ငွေကျပ်သိန်း ၈၇၀၀ ကျော်ကို မွန်ပြည်နယ်အတွင်းက မြို့နယ် ၁၀ခုမှာ ပြည်သူတွေကို တိုက်ရိုက်အကျိုးပြုမယ့်လုပ်ငန်းတွေဆောင်ရွက်ပေးဖို့ ခွဲဝေပေးပြီးဖြစ်တယ်လို့ ဒေါ်တင်အိက ဆက်ပြောပါတယ်။ “ကျမတို့လွှတ်တော်က လွှတ်တော်အလုပ်လုပ်မယ်။ အစိုးရက အစိုးရအလုပ်လုပ်မယ်။ သူတို့ကလည်းကျမ တို့ကို ဇန်နဝါရီ ၆ရက်နေ့ကတည်းက ညှိပါတယ်။ ညှိတဲ့အခါကြတော့ သူတို့အခက်အခဲကိုတင်ပြပြီးညှိတယ်။ ကျမတို့ကလည်း ကျမတို့အတည်ဖြစ်ထားတဲ့အဆိုကို ဘယ်လိုမှပြင်မရဘူးဆိုတာ ကျမတို့ဥပဒေ။ နှစ်ခုက လွန်ဆွဲပြီးမျဉ်းပြိုင်ဖြစ်နေကြတယ်။ အစိုးရဘက်ကလည်းမမှားဘူး။ ကျမတို့ဘက်ကလည်းမမှားဘူး။ အဲဒါကို ပြည်သူတွေသိအောင်ကျမပြောပါတယ်” လို့ ဒေါ်တင်အိက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ရာထူးက နုတ်ထွက်ဖို့ တရားဝင်စာတင်ထားပြီး ဖြစ်ပြီး သူ့ကိုထောက်ခံသူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေလည်း မွန်ပြည်နယ်မှာ ဖြစ်ပေါ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024