ရန်ကုန်-ဒလကို ဆက်သွယ်မည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားတည်ဆောက်ရန် လေ့လာ
DVB
·
February 20, 2017
ရန်ကုန်မြို့နဲ့ ဒလမြို့နယ်ကို ဆက်သွယ်ဖောက်လုပ်မယ့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး တံတား တည်ဆောက်ဖို့အတွက် ဖေဖော်ဝါရီလ ၂၀ ရက်က တံတားတည်ဆောက်ရေးကော်မတီဝင် တွေက ဒလမြို့နယ် တံတားတည်ဆောက်မယ့် နေရာတွေကို လာရောက်လေ့လာခဲ့ပါတယ်။
တံတားတည်ဆောက်ရေးကော်မတီဝင်တွေဖြစ်တဲ့ အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး(မြို့ပြ)နဲ့ တံတားတည်ဆောက်ရေးကော်မတီဝင်တွေ လာရောက်ခဲ့ကြည့်ရှူခဲ့ကြတာပါ။
စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦတွေနဲ့ နေအိမ်တချို့ကို စီမံကိန်းကာလ အတွင်း ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်မှာဖြစ်တဲ့အတွက် တချို့အဆောက်အဦ တွေကို ကြိုတင်ဖြိုဖျက်တာတွေ မလုပ်ဆောင်ဖို့ တံတားတည်ဆောက်ရေးအဖွဲ့ကနေ ပြောဆိုခဲ့ပါတယ်။
တံတားတည်ဆောက်ဖို့အတွက် စာသင်ကျောင်းတွေနဲ့ ဘုန်တော်ကြီးကျောင်းတွေကို အစားထိုး ပြန်လည်တည်ဆောက်ပေးနေပြီး မလွတ်ကင်းတဲ့ နေအိမ်တွေကိုလည်း လျော်ကြေးငွေ ပေးဆောင်ထားတယ်လို့ သိရပါတယ်။
အဲဒီလို လျော်ကြေးငွေပေးဆောင်ထားပေမယ့် ကမာကဆစ်ရပ်ကွက်က ဘုရားကြီး ပြောင်းရွှေ့ဖို့အတွက် မြေနေရာ မရရှိသေးတာကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြတောင်းခံထားတယ်လို့ သိရပါတယ်။
အခုအချိန်မှာ အသေးစိတ် ပုံစံရေးဆွဲနေတဲ့ တံတားစီမံကိန်းကို မကြာမီကာလမှာ စတင်အကောင်အထည်ဖော်နိုင်မှာဖြစ်ပြီး တည်ဆောက်ချိန်မှာ ၄၅ လ ကြာမြင့်မယ်လို့ ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ - စိုးမိုးအောင်