ဟစ်တလာ အသုံးပြုခဲ့သည့် တယ်လီဖုန်းကို ကန်ဒေါ်လာ ၂၄၃၀၀၀ ဖြင့် လေလံတင် ရောင်းချ

ဓာတ်ပုံ - အီးပီအေ
အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လေလံပွဲတခုမှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း အဒေါ့လ်ဖ် ဟစ်တလာ အသုံးပြုခဲ့တဲ့ တယ်လီဖုန်းကို အမေရိကန်ဒေါ်လာ ၂၄၃၀၀၀ နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။ ဒီတယ်လီဖုန်းကို လေလံအောင်မြင်ခဲ့ပြီး ဝယ်ယူနိုင်ခဲ့သူရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ မေရီလန်းပြည်နယ်၊ ချက်ဆာပိခ်မြို့မှာ ကျင်းပခဲ့တဲ့ ဒီလေလံပွဲမှာ အဲဒီဖုန်းကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁ သိန်းနဲ့ စတင်ခဲ့တာဖြစ်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီတယ်လီဖုန်းရဲ့ အရောင်ဟာ အနီရောင်ဖြစ်ပြီး ဖုန်းပေါ်မှာ နာဇီခေါင်းဆောင် ဟစ်တလာရဲ့ နာမည်ကို ရေးထွင်းထားခဲ့ကာ ၁၉၄၅ ခုနှစ်က သူ့ရဲ့ ဘာလင်ဗုံးခိုကျင်း အိပ်ခန်းထဲမှာ တွေ့ရှိခဲ့ရတာပါ။ ဂျာမနီနိုင်ငံက လက်နက်ချပြီးနောက်မှာ ဆိုဗီယက်စစ်သားတွေက ဒါကို ဗြိတိန် စစ်တပ်အရာရှိ ဆာရက်လ်ဖ် ရေးနာကို လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖုန်းကို အလက်ဇန္ဒြား သမိုင်းဆိုင်ရာ လေလံကုမ္ပဏီမှတဆင့် ရောင်းချခဲ့တာဖြစ်ပြီး ဒါဟာ “ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေရဲ့ လက်နက်တခု" ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလေလံပွဲမှာပဲ ဟစ်တလာပိုင်ဆိုင်တဲ့ အယ်လ်ဇေးရှင်းခွေးတကောင်ပုံတူ ကြွေထည်ပစ္စည်းတခုကိုတော့ အမေရိကန်ဒေါ်လာ ၂၄၃၀၀ နဲ့ တခြားတဦးက လေလံအောင် ဝယ်ယူခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up