ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း တွေ့ဖွယ်ရှိ
DVB
·
December 22, 2011
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ နေပြည်တော်မှာ တွေ့ဆုံဖွယ်ရှိတယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပါတီမှတ်ပုံတင်ဖို့ ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ မနက်ဖြန် နေပြည်တော်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ သူရ ဦးရွှေမန်းနဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်သာမြင့်က ပြောပါတယ်။
“သတင်းတော့ထွက်နေပါတယ်။ တွေ့မယ်ဆိုရင်တော့ မနက်ဖြန်ပါပဲ။ မနက်ဖြန် အမ နေပြည်တော် တက်ဖို့ရှိပါတယ်၊ မှတ်ပုံတင်တဲ့ဆိုင်းသွားထိုးမှာပါ၊ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် အဲဒီမှာတွေ့မယ်လို့ ကြားတာပဲ။”
ဦးရွှေမန်းရဲ့ ဖိတ်ကြားချက်အရ တွေ့ဆုံတာလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်လားဆိုတဲ့ မေးခွန်းကိုတော့ အခုချိန်မှာ မပြောပြနိုင်ဘူးလို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ အရင်ကလည်း လျှို့ဝှက်တွေ့ဆုံခဲ့ဖူးတယ် လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကတော့ ဒီသတင်းကို မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဦးဥာဏ်ဝင်းက အတည်ပြုပြောကြားပါတယ်။
ဦးတင်ဦး၊ ဒေါ်ဆောင်ဆန်းစုကြည် ဦးဥာဏ်ဝင်းနဲ့တခြားအဖွဲ့ဝင် ၅ ဦးခန့် ဟာ မနက်ဖြန် မနက် ၇ နာရီလောက်မှာ နေပြည်တော်ကို လေယာဉ်နဲ့ သွားဖို့စီစဉ် ထားပါတယ်။
မှတ်ပုံတင်ကိစ္စပြီးရင် နေပြည်တော်မှာ အစိုးရထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဖို့လည်း အစီစဉ်ရှိနေတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် သမ္မတ ဦးသိန်း စိန်နဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်က ပထမဆုံးအကြိမ် နေပြည်တော်မှာ တွေ့ဆုံခဲ့ဖူးပါတယ်။