တရုတ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် ကျွဲများ ကသာမြို့တွင် ဖမ်းမိ
DVB
·
February 19, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်မှာ တရုတ်နိုင်ငံကို တရားမဝင်ပို့ဆောင်မယ့် ကျွဲတွေကို ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ဖမ်းဆီးရမိကြောင်း အင်းရွာရဲစခန်းက ပြောပါတယ်။
အင်းရွာရဲစခန်းမှူး ရဲအုပ်ဝင်းမြိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ဘုရားတောင်ကျေးရွာ အနောက်တောစပ် ၁ မိုင်လောက်မှာ တရားမဝင်သယ်ဆောင်တဲ့ ကျွဲတွေ ရောက်ရှိနေတယ်လို့ သတင်းအရ သွားရောက် ဖမ်းဆီးစစ်ဆေးရာ မောင်လွင်ပါ ၅ ဦးဟာ ကောလင်းမြို့နယ် ဆင်ကုန်းရွာက ခွင့်ပြုချက်အထောက်အထား တစုံတရာပြသနိုင်ခြင်းမရှိဘဲ တရုတ်ပြည်ကို တရားမဝင် ပို့ဆောင်ဖို့ မောင်းနှင်လာတဲ့ ကျွဲထီး ၅ ကောင်နဲ့ ကျွဲမ ၁၆ ကောင် ပေါင်း ၂၁ ကောင် (ကာလတန်ဖိုး ၉၄၅၀၀၀၀ ကျပ်) တို့ကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
တရားမဝင်သယ်ဆောင်လာတဲ့ ကျွဲတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မောင်လွင်၊ ဝေယံဖြိုး၊ ချစ်စမ်းမောင်၊ မျိုးသီဟ နဲ့ ဝင်းနိုင် တို့ ၅ ဦးကို အင်းရွာရဲစခန်းက(ပ)၁၁/၁၇ ကုန်စည် ၅ အရ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။
ကိုကျော်(အင်းတော်)