ရင်ဘတ်အပြင်မှာနှလုံးရှိနေပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် သနားစဖွယ် မိန်းကလေးငယ် (ရုပ်သံ)

အသက် ၇ နှစ်အရွယ် ဗာဆာဗီရာဟာ မွေးဖွားလာသူ တစ်သန်းမှာ ၁ ယောက်ထက်လျော့နည်းတဲ့ သူတွေမှာသာ ခံစားရတဲ့ ထူးခြားတဲ့ နှလုံးရောဂါ တစ်မျိုးခံစားနေရပါတယ်။ သူမဟာ အများတကာလို နှလုံးပုံမှန်အနေအထားနဲ့ မမွေးဖွားလာဘဲ နှလုံးက ရင်ဘတ်ရဲ့ အပြင်ဘက်မှာပါပြီး မွေးဖွားလာခဲ့တာလို့ မေရာရဲ့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ သတင်းမှာ ဖေါ်ပြထားပါတယ်။ “ဒါကသမီးရဲ့ နှလုံးလေ၊ ဒီလိုရင်ဖက်ပေါ်မှာ နှလုံးပါတာ သမီးတစ်ယောက်ပဲ ရှိတယ်” လို့ သူမက ဘီဘီစီကို ပြောပါတယ်။ ဗာဆာဗီရာရဲ့နှလုံးဟာ နံရိုးရဲ့အပေါ်မှာ အရေပြားပါးပါးလေးနဲ့ အုပ်နေပြီး နှလုံးခုန်နေတာကို သိသာစွာ ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။ “အဝတ် ဝတ်ရင် သမီးရဲ့နှလုံး မနာကျင်အောင် နှလုံးအပေါ်ကို နူးညံ့တဲ့ အဝတ်စလေးတွေ ထည့်ထားရတယ်။ သမီး လမ်းလျှောက်တယ်၊ ခုန်လည်းခုန်တယ်၊ ပျံလည်းပျံတယ်၊ ပြေးလည်း၊ ပြေးတယ်၊ သမီးက ပြေးရတာကို ကြိုက်ပေမယ့် ပြေးတော့ မပြေးသင့်ဘူးပေါ့” လို့ ကလေးမက ပြောခဲ့ပါတယ်။ ဗာဆာဗီရာလေးကို ရုရှာမှာ မွေးဖွားစဉ် ဆရာဝန်တွေက ပိုဆိုးလာချိန်ကို ပြင်ဆင်ထားဖို့ သူမရဲ့ မိခင်ကို သတိပေးကြတယ်လို့ သိရပါတယ်။ “ဆရာဝန်တွေက သမီးလေးရဲ့အခြေအနေဟာ ဖြစ်ခဲတဲ့အခြေအနေလို့ ပြောပါတယ်။ သမီးလေး အသက်မရှင်နိုင်ဘူးလည်း ပြောတယ်။ သမီးနှလုံးခုန်နေတာကို ကျမ ပထမဦးဆုံး မြင်ဖူးချိန်မှာ ဒါက ကျမအတွက် တကယ့်ကို ထူးခြားမှု တစ်ခုပါပဲ။ ဒါက သမီလေး အသက်ရှင်နေသေးတယ်၊ နှလုံးခုန်နေတယ်၊ အသက်ရှင်နိုင်တယ်လို့ ဆိုလိုတာပဲ” လို့ ဗာဆာဗီရာရဲ့ မိခင်က ပြောပါတယ်။ ဗာဆာဗီရာရဲ့ မိခင်ဒေရီက သူမသမီး နှလုံးခွဲစိတ်ဖို့ မျှော်လင့်ချက်နဲ့ ရုရှားက အမေရိကကို ထွက်ခွာလာပေမယ့် ကလေးရဲ့ သွေးပေါင်ချိန်ပြဿနာကြောင့် ခွဲစိတ်ဖို့အဆင်မပြေဘူး၊ ဆရာဝန်တွေကလည်း ကလေး မကြာခင် သေဆုံးမှာ ဖြစ်ကြောင်း ပြောတယ်လို့ သိရပါတယ်။ “နှလုံးက ရင်ဘတ်အပြင်ဘက်မှာဆိုတော့ ထိခိုက်ပျက်စီးလွယ်နေလို့ အသက်ရှင်ဖို့ မလွယ်ဘူးပြောတယ်၊ ချော်မလဲအောင် ဂရုစိုက်ရမယ်၊ ဒါက အရမ်းအန္တရာယ်များပြီး ချော်လဲတာကနေ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်”လို့ ဗာဆာဗီရာရဲ့ မိခင်က ပြောပါတယ်။ ကလေးမလေးရဲ့ နှလုံးက မွေးကတည်းက ရင်ဘတ်ပေါ်မှာရှိတာဖြစ်ပြီး အရွယ်အစားက လက်သီးဆုပ်လောက် ရှိပါတယ်၊ ရှုပ်ထွေးလှတဲ့ ခွဲစိတ်မှုတွေ လုပ်ဖို့လည်း လိုအပ်နေပါတယ်။ လင်းပိုင်တွေ၊ ခွေးတွေ၊ မြင်းတွေနဲ့ ဘီယွန်းဆေးကို နှစ်သက်တဲ့ ချစ်စရာကလေးမလေးရဲ့ ဘဝတစ်ခုလုံးစာအကြောင်း မှတ်တမ်းရုပ်သံကို သူမမိခင်ရဲ့ အင်စတာဂရမ်မှာ တင်ထားတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up