ကင်ဂျုံနမ်သတ်မှုတွင် ဟာသကားအဖြစ် သရုပ်ဆောင်ခိုင်းခံခဲ့ရခြင်းဖြစ်ဟု အင်ဒိုအမျိုးသမီးပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဖေတူအမေကွဲအစ်ကို ကင်ဂျုံနမ်အား သတ်မှုသံသယနဲ့ ဖမ်းဆီးခံရသူတွေထဲက အင်ဒိုနီးယားနိုင်ငံသူ စီတီအိုက်ရှာဆိုတဲ့ အမျိုးသမီးက ဟာသကားဆိုပြီး ငွေပေးကာ သရုပ်ဆောင်ခိုင်းခဲ့တာသာဖြစ်ကြောင်း မလေးရှားရဲတွေကို ပြောခဲ့တယ်လို့ ဘီဘီစီရဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယား နိုင်ငံသားတစ်ဦးကိုလည်း မလေးရှားမြို့တော်အနီးအနား ဆီလန်ဂေါမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့  ညနေပိုင်းက ထပ်မံဖမ်းမိတယ်လို့ မလေးရှားရဲက ပြောကြောင်း ဘီဘီစီရဲ့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ သတင်းမှာ ပြောထားပါတယ်။ ထပ်မံဖမ်းမိတဲ့ မြောက်ကိုရီးယားနိုင်ငံသားဟာ အသက် ၄၆ နှစ်အရွယ် ရီဂျွန်ချိုလ်ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ အင်ဒိုအမျိုးသမီး စီတီအိုက်ရှာအပါအဝင် မလေးရှားအမျိုးသားတစ်ဦးနဲ့ ဗီယက်နမ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတို့ကို ဦးစွာဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ကြောင်း မလေးရှားအမျိုးသားက စီတီအိုက်ရှာရဲ့ ရည်းစားဖြစ်မယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ စီတီအိုက်ရှာဟာ မလေးရှားကို မသွားခင် အင်ဒိုနီးရှားနိုင်ငံမှာ နေချိန်က မြို့တော် ဂျကာတာရဲ့ ဆင်းရဲသားရပ်ကွက်မှာ မထင်မရှား နေထိုင်ခဲ့တယ်၊ သားတယောက်ရအပြီး မလေးရှားကို အလုပ်သွားရှာဖို့ ထွက်သွားခဲ့တာလို့ ဒေသခံတွေက ပြောကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။ ဂျကာတာ အနောက်ပိုင်း စီရန်မြို့မှာ မွေးတဲ့ စီတီအိုက်ရှာဟာ ငြိမ်သက်အေးဆေးပြီး ပွင့်ပွင့်လင်းလင်းမရှိတဲ့ ရွာသူ ဖြစ်တယ်၊ အမြဲတမ်း အိမ်ထဲမှာ အလုပ်လုပ်နေပြီး တခြားအိမ်နီးချင်းတွေနဲ့ အတူအပြင် ထွက်တာမျိုး မရှိဘူး။ သူ့အလုပ်ရှင်ရဲ့ သားနဲ့ မင်္ဂလာဆောင်အပြီးမှာ သူ့ဆီက ဘာသတင်းမှ မကြားတော့ဘူး” လို့ အိမ်နီးချင်းဟောင်း အန်ဒိုက ပြောပါတယ်။ “စီတီရဲ့ ခင်ပွန်းသည်ကို စီတီ ဘယ်ရောက်နေလဲ မေးရာမှာ မလေးရှားမှာ အလုပ်သွား လုပ်နေတယ်၊ သူ့စာရွက်စာတမ်းတွေကို လုပ်ပေးခဲ့တယ်လို့ ခင်ပွန်းသည်က ဖြေခဲ့တဲ့အကြောင်း” အိမ်နီးချင်းက ဆက်ပြောပါတယ်။ သူဟာ ဒုတိယမြောက် သံသယရှိသူအဖြစ် အဖမ်းခံထားရတာပါ၊ အသတ်ခံရသူ ကင်မ်ဂျုံနမ်ဟာ အမြန်ဆုံး အာနိသင်ပြတဲ့ အဆိပ်နဲ့ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်မှာ တိုက်ခိုက်ခံရအပြီး သေဆုံးခဲ့တာပါ။ မြောက်ကိုရီးယားက ဒီလူသတ်မှုကို တရားဝင် လူသိရှင်ကြား မှတ်ချက်ပေးတာ မရှိသလို မလေးရှား နိုင်ငံက မြောက်ကိုရီးယား သံရုံးကို ဖုန်းခေါ်ဆိုမှု အီးမေလ်းနဲ့ ဖက်စ်တို့နဲ့ ဆက်သွယ် မေးမြန်းတာတွေကို ပြန်လည်ဖြေကြားတာ မရှိပါဘူး။ နျူကလီးယား လက်နက်ရှင် အထီးကျန် မြောက်ကိုရီးယား နိုင်ငံမှာ သူ့မိသားစုက မင်းဆက်သဖွယ် ထိန်းချုပ်မှုကို ကင်မ်ဂျုံနမ်က လူသိရှင်ကြား ကန့်ကွက် ပြောဆိုဖူးတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနဲ့ တရုတ်အစိုးရတွေနဲ့ အဆက်အသွယ်ရှိတဲ့ ပေကျင်းမြို့က သတင်း ရင်းမြစ်ကတော့ ကင်မ်ဂျုံနမ် အသတ်ခံရမှုအတွက် မြောက်ကိုရီးယား အစိုးရက ပါဝင်ပတ်သက် လှုပ်ရှားတာ မရှိဘူးလို့ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up