ဆန္ဒပြသူများ ရိုက်နှက်ခဲ့သည့် ဟောင်ကောင်ရဲအရာရှိ ၇ ဦးကို ထောင်ဒဏ်ချမှတ်

ဟောင်ကောင်က ၂၀၁၄ လူထုအုံကြွ ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေကို ရိုက်မှုအတွက် ရဲအရာရှိ ၇ ယောက်ကို ဟောင်ကောင်တရားရုံးက အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် စီရင်လိုက်ပါတယ်။ လက်ထိပ်ခတ် ခံထားရတဲ့ ဒီမိုကရေစီ လိုလားသူ တဦးကို ရိုက်မှုဟာ အာရှရဲ့ ဘဏ္ဍာရေး အချက်အခြာ ဟောင်ကောင်မှာ ရှားပါးတဲ့ ရဲတပ်ဖွဲ့ ရက်စက်မှု ဖြစ်ခဲ့တာပါ။ ဆန္ဒပြပွဲနားက မှောင်တဲ့နေရာဆီကို လက်ထိပ်ခတ် ခံထားရတဲ့ ဆန္ဒပြသူ ကန်ဆန်းဂ်ကို ဆွဲခေါ်သွားတဲ့ ရဲတွေရဲ့ လုပ်ရပ်ကို ရုပ်သံရိုက်ကူး ခံခဲ့ရပါတယ်။ အဲဒီနေရာမှာ ဆန္ဒပြသူကို ရဲတွေက မြေပေါ်လဲတဲ့အထိ ထပ်ခါတလဲလဲ ထိုးနှက်ကန်ကျောက် ခဲ့ကြပါတယ်။ ဒီရဲတွေဟာ ဟောင်ကောင် ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ထိခိုက် ပျက်စီးအောင် လုပ်ခဲ့တယ် ။တိုက်ခိုက်မှု အတွက် အကျိုးအကြောင်းလဲ မပြနိုင် ခဲ့ဘူးလို့ ခရိုင် တရားသူကြီး က ဆုံးဖြတ်ပါတယ်။ တရားရုံးရဲ့ အပြင်မှာတော့ ရဲတွေကို ထောက်ခံသူတွေက တရားသူကြီးကို အနောက်တိုင်းခွေးလို့ ဆဲရေးရင်း သူ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ ဒီမိုကရေစီ လိုလားထောက်ခံ သူတွေကတော့ ဒီစီရင်ချက်ကို ကောင်းချီး ပေးခဲ့ကြပါတယ်။ “ရဲကိုယ်တိုင်က ဥပဒေကို မလိုက်နာရင် လူမှုတန်ဖိုးတွေ ဖျက်ဆီးခံရလိမ့်မယ်။ အဲဒီလို ဆိုရင် ကျနော်တို့ အနာဂတ်တွေ မျှော်လင့်ချက်ရောင်ခြည် ကင်းမဲ့သွားလိမ့်မယ်။” လို့ ဆန္ဒပြသူ ဂရန်မာဝေါင်က ပြောပါတယ်။ ရဲတွေ ရိုက်နှက် ခံရတဲ့ ဆန္ဒပြသူဟာ မျက်နှာ၊ လည်ပင်းနဲ့ ပုခုံးတွေမှာ ဒဏ်ရာရခဲ့တာပါ။ သူဟာ အစောပိုင်းက ရဲကို အရည်တချို့နဲ့ ပက်ခဲ့တယ်လို့ တရားရုံးမှာ ကြားနာခဲ့ပါတယ်။ ဒီအမှုကို ပြည်သူတွေ ဒေါသထွက် ခဲ့လို့ ဟောင်ကောင်မှာ ရှားရှားပါးပါး အနေနဲ့ ရဲတွေကို အကြီးအကျယ် တာဝန်ချ ထားရပါတယ်။ ၇၉ ရက်ကြာ ဆန္ဒပြပွဲ အထွတ်အထိပ် ရောက်နေချိန် ၂၀၁၄ အောက်တိုဘာ ၁၅ ရက်နေ့က ရိုက်နှက်မှု ဖြစ်ခဲ့တာပါ။ ဒီဆန္ဒပြပွဲကြောင့် ဟောင်ကောင်ရဲ့ အစိတ် အပိုင်းတွေ ပိတ်ဆို့ခဲ့ပြီး တရုတ်အစိုးရအတွက် အသည်းအသန်အဖြစ်ဆုံး နိုင်ငံရေးစိန်ခေါ်မှုတွေထဲက တခုဖြစ်လာခဲ့ ပါတယ်။ တရုတ်လက်အောက်ကို ၁၉၉၇ ကမှ ပြန်ရောက်လာတဲ့ ဟောင်ကောင်ဟာ တနိုင်ငံစနစ် ၂ မျိုး မူနဲ့ အုပ်ချုပ် ခံရတာပါ။ တရုတ်ပြည်မကြီးကို မကြိုက်ဘဲ လွတ်လပ်မှုနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို လိုလား ကြပါတယ်။ လတ်တလော ဟောင်ကောင်ရဲ့ ကိစ္စရပ်တွေကို တရုတ်ပြည်မကြီးက ချုပ်ကိုင် စီရင်လာနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေလဲ ဟောင်ကောင်မှာ တိုးလာနေပါတယ်။ ဟောင်ကောင် အနာဂတ် အတွက် ဆန္ဒပြပွဲတွေနဲ့ တရုတ်ဆီက လွတ်မြောက်ရေးအတွက် ဆော်သြမှုတွေထိ ဖြစ်ပွား လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up