နမ့်စန်မြို့ရှိ မြန်မာ၊ ရှမ်း နှစ်ဘာသာရေးထိုးထားသည့် ဆိုင်းဘုတ် ဖျက်ဆီးခံရ
DVB
·
February 18, 2017
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့အဝင်ဆိုင်းဘုတ် ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက ဖျက်ဆီးခံရခဲ့ရတယ်လို့ နမ့်စန်မြို့ စည်ပင်က ပြောပါတယ်။
နမ့်စန်မြို့မှာ မြို့ဝင်ဆိုင်းဘုတ် ၃ ခုရှိပြီး အခုဖျက်ဆီးခံရတဲ့ ဆိုင်းဘုတ်ဟာ တောင်ကြီးမှ နမ့်စန်မြို့အဝင် ဆိုင်းဘုတ်ဖြစ်ပါတယ်။
“အရင်နေ့တွေတုန်းက ဂစ်တာလာတီးတဲ့ ကလေးတွေရှိတယ်။ အတွဲလာချိန်းတာတွေလည်း ရှိတယ်။ ဆိုင်းဘုတ်ဖျက်ခံရပြီးတော့ ဘယ်သူမှဂစ်တာလာတီးတာ မတွေ့ရတော့ဘူး” လို့ ဆိုင်းဘုတ်အနီးအနား နေထိုင်တဲ့ အမျိုးသားတဦးက ပြောပါတယ်။
“ဆိုင်းဘုတ်ဖျက်ဆီးခံရတာ အခုအကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီ။ အရင်တခါကတော့ စာတန်းအနည်းငယ်ပဲ ဖျက်ဆီးခံရတယ်။ အခုကတော့ မြန်မာ၊ ရှမ်းနှစ်ဘာသာ ရေးထိုးထားတဲ့ စာတန်းအားလုံးဖျက်ဆီးခံရတာပါ” လို့ စည်ပင် အမှုဆောင်အရာရှိဦးစီးမှူး ဦးအောင်မြသိန်းက ပြောပါတယ်။
အခု ဆိုင်းဘုတ်ဖျက်ဆီးခဲ့တဲ့ သူကို သိရှိဖို့ နမ့်စန်မြို့မရဲစခန်းမှ စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ သိရပါတယ်။
နမ့်စန်မြို့ဟာ တောင်ကြီး၊ ကျိုင်တုံ၊ မိုးနဲ မြို့တွေကို သွားလာရာလမ်းဆုံမြို့ဖြစ်ပါတယ်။