ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်၏ နယ်မြေရှင်းစစ်ဆင်ရေးရပ်ဆိုင်း
DVB
·
February 17, 2017
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ အခြေအနေတွေ တည်ငြိမ်စပြုနေပြီဖြစ်လို့ တပ်မတော်အနေနဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေ ရပ်ဆိုင်းသွားပြီလို့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကပြောပါတယ်။
ပြီးခဲ့တဲ့လကမှ အသစ်ခန့်အပ်ထားတဲ့ အစိုးရရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနဲ့ နိုင်ငံတတကာ သံတမန်တွေ အပါအ၀င် ကုလသမဂ္ဂအဖွဲ့အစည်းတွေက အဖွဲ့ဝင် ၆ဝ ကျော်တို့ ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ပထမဆုံအကြိမ် မိတ်ဆက် တွေ့ဆုံစဉ်ပြောသွားတာပါ။
''အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေ တည်ငြိမ်စပြုနေပြီဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေ ရပ်ဆိုင်းသွားပါပြီ။ ညမထွက်ရအမိန့် ကိုလည်း လျှော့ပေါ့ပေးထားပြီး ရဲတပ်ဖွဲ့တွေနဲ့ပဲ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက် နေပြီဖြစ်ပါတယ်။ အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ထောက်ပံ့ပေးနေတဲ့အပြင် ရခိုင်ပြည်နယ်အတွက် စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်မျိုးကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ဒီကနေ့ ပစ်မှတ်ထားဆောင်ရွက်ပါတယ်။”
ရခိုင်ပြည်နယ်အတွင်း ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးပြီး စိန်ခေါ်မှုတွေ အတွက် ရေရှည်အဆင်ပြေမယ့် အဖြေတစ်ခု ရှာဖွေဖော်ထုတ်သွားဖို့ အစိုးရက သန္နိဋ္ဌာန်ချထားတယ်၊ အင်အားသုံးနှိမ်နင်းတာ၊ အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်တာနဲ့ ရာဇဝတ်မှုလုပ်ရပ်တွေကို ခွင့်ပြုမှာ မဟုတ်ပါဘဲ တိကျသေချာခိုင်မာတဲ့ သက်သေအထောက်အထားတွေရှိရင် ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ဦးသောင်းထွန်းက သံတမန်တွေကို ပြောပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နေနဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို စောင့်ကြည့်ရမယ်၊ အကြီးမားဆုံးသော အမျိုးသားရေးရည်မှန်းချက်ဟာ နိုင်ငံသားအားလုံးအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးဖို့ဖြစ်တယ်လို့လည်းပြောသွားပါတယ်။
ဒီတွေ့ဆုံပွဲမှာ ဦးသောင်းထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးသောင်းထွန်းကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ပေးပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၀ ရက်က ခန့်အပ်ခဲ့တာပါ။
အကြံပေးပုဂ္ဂိုလ်အနေနဲ့ ပြည်တွင်းပြည်ပ အန္တရာယ်တွေနဲ့ စပ်လျဉ်းပြီး မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်ကာ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အား အကြံပြုရမှာဖြစ်ပါတယ်။