မေယုစစ်ဆင်ရေးအတွင်း စိတ်ကြွမူးယစ်ဆေးပြား ၄ သန်းကျော် ဖမ်းဆီးရမိ
DVB
·
February 17, 2017
မေယုစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးစီမံချက်ကာလ သီတင်း ၂ ပတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၄ သန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မေယုစစ်ဆင်ရေးမှာပါဝင်တဲ့ ဒုရဲမှူး စန်းညွန့်အောင်က ဒီဗွီဘီကိုပြောပါတယ်။
“ဖေဖော်ရီဝါ ၁ ရက်နေ့စလို့ မေယုစစ်ဆင်ရေးကို ကျနော်တို့ ပူးပေါင်းပြီးစခဲ့တယ်။ ဒီလ ၁ ရက်နေ့ ကစလို့ ၁၅ ရက်နေ့အထိ ဆိုရင်တော့ ဆေးပြား ၄ သန်းကျော်ဖမ်းမိတယ်။ ၁၅ ရက်နေ့ထိ ဖမ်းမိတဲ့ ဆေးပြား အရေအတွက်က ၄၆၁၁၂၁၈ ကျော်ပေါ့နော်။ ကျနော်တို့ စုစုပေါင်းမြန်မာ ကျပ်ငွေတန်ဖိုးနဲ့ ဆိုရင် ကျပ်သိန်းပေါင်း ၉ သောင်း ၄ ထောင်ကျော်ရှိတယ်။ အရမ်းများတယ်ဗျ။ မောင်တောမှာ ဖမ်းမိတဲ့ ဆေးပြားတပြားကို ကျပ် ၂၀၀၀ နှုန်းနဲ့ တွက်တာ။ စစ်တွေက ဖမ်းမိတဲ့ ဆေးပြားကို ၃၀၀၀ နှုန်း တွက်တာ။ အမှုနဲ့ပတ်သက်ပြီးတော့ အမျိုးသမီး ၂ဦးနဲ့ အမျိုးသား ၈ ဦးဖမ်းထားပါတယ်။”
ဒါ့အပြင် စစ်ဆင်ရေးအတွင်း စိတ်ကြွဆေးမှုန့် ၈ ဂရမ်၊ လက်ကိုင်ဖုန်း ၅လုံး၊ မော်တော်ဆိုင်ကယ် ၃စီး၊ မြန်မာငွေကျပ် ၁၀ သိန်းကျော်နဲ့ လက်ပစ်ဗုံး ၂လုံး၊ အပါအဝင် ခဲယမ်း ၉၄ တောင့်တို့ကိုလည်း ဖမ်းဆီရမိခဲ့တယ်လို့သိရပါတယ်။
လောလောဆယ်မှာ မေယုစစ်ဆင်ရေးကို ရပ်ဆိုင်းဖို့ အစီအစဉ်မရှိသေးဘဲ ရဲတပ်ဖွဲ့ ၀င်အင်အားအများအပြားနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့ ဒုရဲမှူးစန်းညွန့်အောင်က ပြောပါတယ်။
“ဆက်ပြီးတော့ ကျနော်တို့ဆောင်ရွက်နေတယ်။ မရပ်သေးဘူးဗျ။ ဘယ်တော့လောက်ရပ်မလဲ ဆိုတာကို အချိန်အကန့်အသတ်လဲ လုံးဝပြောလို့မရဘူး။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အရံတပ်ဖွဲ့ဝင်တွေရယ်၊ အန်ဂျီအိုတွေ၊ ရေကြောင်းရဲတို့ လေကြောင်းတို့ အင်အားတော်တော်များများ သုံးပြီးတော့ ကျနော်တို့လုပ်ဆောင် နေတယ်။
ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတွေရောင်းဝယ်၊ သုံးစွဲမှုတွေများလာပြီး လူငယ်တွေအပေါ်မှာ မူးယစ်ဆေးဝါးအန္တရာယ်ကြီးမားလာတာကြောင့် အခုလိုမေယုစစ်ဆင်ရေး ဆောင်ရွက်ရတာလို့ မေယုစစ်ဆင်ရေးမှူး ရဲမှူးကြီးရွှေညာမောင်က ဒီဗွီဘီကိုပြောပါတယ်။
ဘူးသီးတောင်၊ မောင်တော ဒေသမှာ မေယုစစ်ဆင်ရေး ဆောင်ရွက်နေတာနဲ့ပတ်သက်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက “အခုကလူငယ်တွေ တော်တော်များများပျက်စီးလာကြတယ်။ နောက်ဆက်တွဲပြဿာနာတွေ အများကြီးဖြစ် ခိုးမှု၊ လူသတ်မှု၊ မုဒိမ်းမှု ရခိုင်အပြည်နယ်အတွင်း တဖြည်းဖြည်းနဲ့မြင့်တက်လာနေတယ်။ ထိထိရောက်ရောက် လုပ်ပေးဖို့ လိုသလို တဖက်မှာ မူးယစ်ဆေးဆိုးကျိုးတွေကို လူငယ်တွေချပြဖို့လိုပါတယ်။ ဒီလိုပဲဆက်တိုက်လုပ်ဖို့ လိုတယ်ပေါ့။ အခုလို မူးယစ်ဆေးစစ်ဆင်ရေး လုပ်တာ အင်မတန်မှ ကောင်းပါတယ်”လို့ပြောပါတယ်။
၂၀၁၆ စက်တင်ဘာ ၁၉ ရက်က မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေးရှိ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းဝင်းအတွင်းမှ ကျပ်ငွေ ၁၂၄၂၆၄၀၀၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားပေါင်း ၆၂၁၃၂၀၀ကို စံချိန်တင် ဖမ်းဆီးရရှိခဲ့ပါသေးတယ်။
ဝဏ္ဏခွာညို