
Lead Story နိုင်ငံတကာ ရုပ်သံ သတင်း
ပါကစ္စတန်တွင် အိုင်အက်စ် အသေခံဗုံးခွဲ၊ အနည်းဆုံး ၇၅ ဦးသေဆုံး (ရုပ်သံ)
Email This Story :
ပါကစ္စတန်နိုင်ငံမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဆူဖီအစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုကိုးကွယ်နေတဲ့ ဘုရားကျောင်းတခုအတွင်း အိုင်အက်စ် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၇၅ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
ဒီအဖြစ်အပျက်ဟာ ဆီဝမ်မြို့၊ လာရှဘဇ် ကာလဲန်ဒါ ဘုရားကျောင်းအတွင်းမှာ ဖြစ်ခဲ့ပြီး အသေခံဗုံးဖောက်ခွဲသမားဟာ ဘုရားကျောင်းရဲ့ အဓိကဝင်ပေါက်ကနေ ဝင်ရောက်လာခဲ့ပြီး ဝတ်ပြုဆုတောင်းသူတွေကြား ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဘုရားကျောင်း လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ ၃ ဦးက ပြောပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီးဦးရေ အနည်းဆုံး ၂၀ ဦးနဲ့ ကလေး ၉ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဆူဖီအစ္စလာမ်ဘာသာဟာ အလယ်အလတ် အစ္စလာမ်ဘာသာတခုဖြစ်ပြီး ပါကစ္စတန်နိုင်ငံမှာ ယုံကြည်ကိုးကွယ်သူ သန်းနဲ့ချီ ရှိပါတယ်။
သူတို့ရဲ့ ဘာသာရေးပွဲတော်တွေဟာ အတီးအမှုတ် အကအခုန်တွေနဲ့ အစ္စလာမ် သူတော်စင်တွေကို ပူဇော်ပသတာဖြစ်လို့ မွတ်စလင်အစွန်းရောက်တွေက ဆန့်ကျင်ကြပြီး အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခံရပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း ပါကစ္စတန် အနောက်တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ ကွီတာမြို့ ဆေးရုံတရုံမှာ အသေခံဗုံးဖောက်ခွဲခံရမှုကြောင့် အနည်းဆုံး လူ ၇၄ ဦး သေဆုံးခဲ့ပါတယ်။
အသေခံဗုံးဖောက်ခွဲသမားဟာ ဘုရားကျောင်းတွင်း လူသူရှုပ်ထွေးနေချိန်မှာ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ရဲဌာန ပြောရေးဆိုခွင့်ရသူတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို နီးစပ်ရာ ဆေးရုံတွေ ပို့ဆောင်ထားခဲ့ရတာပါ။
ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ် ရှရစ်ဖ်ကတော့ ခုလို လူနည်းစု ဆူဖီအစ္စလာမ်ဘာသာဝင်တွေကို ဗုံးဖောက်ခွဲတိုက်ခိုက်မှုအတွက် ပြစ်တင်ရှုတ်ချလိုက်ပြီး သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောခဲ့ပါတယ်။