ဖိုးကေကို အလဲထိုး အနိုင်ယူပြီး ဒေ့ဗ်လက်ဒက် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံသရဖူ ကာကွယ် (ရုပ်သံ)

ဂျပန်နိုင်ငံမြို့တော် တိုကျိုမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပတဲ့ Lethwei Legacy-2 ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒက်က ပထမဆုံး သရဖူကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ဘက် ဒဂုံရွှေအောင်လံဆုရှင်ဟောင်း ဝါးရင်းတုတ်ဖိုးကေကို ဒုတိယအချီအတွင်း အလဲထိုး အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အရင်က မွေ့ထိုင်းကစားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဒေ့ဗ်လက်ဒက်ဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ယူကာ ချန်ပီယံဆုကို ရယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာလက်ဝှေ့နဲ့အတူ ယဉ်ကျေးဖော်ရွေတဲ့ မြန်မာလူမျိုးတွေကို သူ့အနေနဲ့ ချစ်မြတ်နိုးပြီး မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြိုင်ပွဲအပြီးမှာ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။ ယှဉ်ပြိုင်ထိုးသတ်ခဲ့သူ ဖိုးကေက "ကျနော့်အနေနဲ့ အများကြီး ပြင်ဆင်ခဲ့ပေမယ့် အခုလို ရှုံးနိမ့်သွားတဲ့အတွက် မျှော်လင့်ထားကြတဲ့ ပရိသတ်ကြီးအတွက် စိတ်မကောင်းဖြစ်မိတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ဖိုးကေက ကနေဒါနိုင်ငံသားကို အနိုင်ယူဖို့အတွက် သူ့လို ခြေတန်လက်တန် ရှည်သူကို ရှာဖွေပြီး လေ့ကျင့်ဖို့ လိုအပ်တယ်လို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲအတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ တခြားအထူးပွဲဖြစ်တဲ့ အမျိုးသမီးပွဲစဉ်မှာ ရွှေယဉ်မင်းနဲ့ ဂျပန်အမျိုးသမီး နဘန်းသမား မိုမိုကိုတို့ပွဲကတော့ ပူးတွဲသရေကျခဲ့ပြီး ဂျပန်ပရိသတ်တွေ အထူးနှစ်ခြိုက် အားပေးခဲ့ကြပါတယ်။ တခြားပွဲစဉ်တွေမှာ ဖျံသွေး(မြန်မာ) က ယာဆူယူကီ ယာမာဇာကီ (ဂျပန်) ကို ပထမအချီမှာ အလဲထိုးပြီးလည်းကောင်း၊ ရှမ်းကို(မြန်မာ) က ခိုင်ဇူကီ အိုကူဒါ(ဂျပန်) ကို တတိယအချီမှာ အနိုင်ရပြီး အသည်းတစ်ပွင့်(မြန်မာ) က ယူကီယာမာမိုတို(ဂျပန်) ကို အလဲထိုး အနိုင်ရခဲ့ကြပါတယ်။ ရာဇာ(မြန်မာ) နဲ့ ဂျပန်နိုင်ငံသား မွေထိုင်းချန်ပီယံ ကိုမူအာ(ဂျပန်) တို့ပွဲမှာ ၄ ချီ ရေကုန်ရေခန်း ထိုးသတ်ကာ ပူးတွဲသရေကျပြီး ပရိသတ် အနှစ်သက်ဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဂျပန်ဘက်မှ ပွဲစီစဉ်သူတွေက ပုဂံဘုရားများပြုပြင်နိုင်ရန် အလှူငွေ ယန်း ၁ သန်း ပေးအပ်လှူဒါန်းပြီး မြန်မာသံအမတ်ကြီးကိုယ်စား တိုကျို မြန်မာသံရုံး အုပ်ချုပ်ရေးအရာရှိ ဦးသန့်ဇင်က တက်ရောက်လက်ခံရယူခဲ့ပါတယ်။ သတင်း၊ ရုပ်သံ - ဇော်ဇော်လှိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up