Home
လွှတ်တော်/ဥပဒေရေးရာ
ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်များဆောက်ရန် ၈၅ ဘီလီယံ ထပ်မံတင်ပြထား
နေဖြိုးဝင်း
·
February 16, 2017
ဖေဖော်ဝါရီ ၁၅ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးကျော်ဆွေရဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ တည်းခိုနေထိုင်ပြီး ပညာသင်ကြားနိုင်ဖို့ အဆောင်တွေ လုံလောက်စွာ စီစဉ်ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခုလို ပြန်လည်ဖြေဆိုတာ ဖြစ်ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် စုစုပေါင်း ၅၁ ခုမှာ ကျောင်းသား၊ ကျောင်းသူအိပ် အဆောင်အရေအတွက် ၆၂ ဆောင် ဆောက်လုပ်ဖို့ ကျပ် ၃၉၂၃၉ ဒသမ ၃၄၂ သန်း ထည့်သွင်း လျာထားထားပေမယ့် မလုံလောက်သေးတဲ့အတွက် အခုလို ထပ်မံအဆိုပြု တင်ပြထားတာဖြစ်တယ်လို့ ပြောပါ တယ်။ “ထပ်မံပြီး လိုအပ်တဲ့ ၈၅ ဘီလီယံကျော်ကို ထပ်ပြီး အဆိုပြုတင်ပြထားပါတယ်။ ဒါကြောင့် ပညာရေးဝန်ကြီးဌာန အဆိုပြုတင်ပြထားတာဟာ သာမန်နဲ့ ငွေလုံးငွေရင်း ၁ ဒသမ ၇၇ ထလီယံထဲကနေ ထပ်မံလိုအပ်သေးလို့ ဒီအဆောင်တွေ ဆောက်လုပ်ပေးဖို့အတွက် ၈၅ ဘီလီယံကို ထပ်မံအဆိုပြုတင်ပြထားပါတယ်။ ဒီအဆိုပြုထားတာကို ထပ်မံခွင့်ပြုရင်တော့ အတတ်နိုင်ဆုံး စနစ်တကျ၊ အချိန်မီနဲ့ အရည်အသွေးပြည့်မီရေးကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုံလောက်ပြီလား ဆိုရင်တော့ မလုံ လောက်သေးဘူးလို့ တင်ပြလိုပါတယ်။” လို့ ဒေါက်တာ မျိုးသိမ်းကြီးက ဆိုပါတယ်။ လက်ရှိမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ် ၅၂ ခုမှာ ကျောင်းသား၊ ကျောင်းသူအိပ် အဆောင် ၂၂၁ ဆောင် ဆောက်လုပ်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024