တရားမဝင်သစ်များတင်လာသည့် ကားတစီး တိမ်းမှောက် ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
DVB
·
February 16, 2017
တိုက်ကြီးမြို့နယ် ဥက္ကံတဘူးလှဆည်တမံ ၃ ဥက္ကံသစ်တောကြိုးဝိုင်း အကွက်အမှတ် ၈၆၊ ဘွက်မြောင်(ဒေသခေါ်)အတွင်း တရားမဝင် သစ်မာအမျိုးအစားများ တင်ဆောင်လာတဲ့ ကားတစီး ဖေဖေါ်ဝါရီ ၁၄ ရက် မနက် ၁၀ ခန့်က တိမ်းမှောက်ခဲ့ကြောင်း ဥက္ကံနယ်မြေရဲစခန်းက အမှုစစ်ဒုရဲအုပ် စိုးမြင့်က ဒီဗွီဘီကိုပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် မနက် ၁၀ ခန့်က ယာဉ်မောင်းအေးလွင် (ခ) ဖိုးထောင် မောင်းနှင်လာတဲ့ TE.11 အညိုရောင်ယာဉ်မှာ တရားမဝင်သစ်မာ အမျိုးအစား ထောက်ကြန့် သစ် ၄ ဒသမ ၇၃ တန်တင်ဆောင်ပြီး မောင်းနှင်လာချိန် ချောင်းစောက်ကျေးရွာအုပ်စု တဘူးလှဆည်တမံ ၃၊ ဘွက်မြောင်(ဒေသခေါ်)အရောက် ကားမှာနောက်ပြန်ပြုတ်ကျပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ အလုပ်သမား ၁၁ ဦး ကားပေါ်က လွင့်စင်ပြုတ်ကျပြီး မြင့်ထွေး (၄၀-နှစ်)မှာ ဦးခေါင်းနောက်စေ့ဒဏ်ရာ နှာခေါင်းသွေးထွက်ဒဏ်ရာများနဲ့ နေရာမှာ သေဆုံးခဲ့ပါတယ်။
ကားပေါ်က လွင့်စင်ပြုတ်ကျခဲ့တဲ့ ဝင်းရွှေ (၅၁-နှစ်)မှာ ညာဘက်ပေါင်ကျိုးဒဏ်ရာ၊ ခင်မောင်ဝင်း (၄၉- နှစ်) ဦးခေါင်းနှောက်စေ့ ပေါက်ပြဲဒဏ်ရာများနဲ့ ရန်ကုန်ဆေးရုံကြီးကို တင်ပို့ထားရပြီး ယာဉ်မောင်းအေးလွင်(ခ)ဖိုးထောင်မှာ ထွက်ပြေးတိမ်းရှောင် သွားပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဥက္ကံနယ်မြေရဲစခန်းက ယာဉ်ပ(ပ)၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄က/ ၃၃၈/၃၃၇/၂၀၂ တို့နဲ့ အမူဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မေသွယ်