ကားဖြင့် နောက်ပြန်တိုက်ခံရပြီး တံတားပေါ်မှ ကားရောလူပါ ထိုးကျခဲ့သည့် သားအမိ (ရုပ်သံ)

တရုတ်နိုင်ငံမှာ မိခင်တဦးနဲ့ သားဖြစ်သူဟာ ကားတစီးက နောက်ပြန်တိုက်မိခံခဲ့ရပြီးနောက် တံတားတစင်းပေါ်ကနေ ကားရောလူပါ ထိုးကျသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအနောက်ပိုင်း၊ ချုံကျင်းမြို့ လမ်းမတခုပေါ်မှာ ဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖော်ပြပါတယ်။ ကံကောင်းထောက်မစွာပဲ အဲဒီသားအမိ ၂ ဦးဟာ သေကံမရောက်ခဲ့ပေမယ့် တကယ့်ကို အန္တရာယ်ကြီးတဲ့ အခြေအနေတခုကို ရင်ဆိုင်ခဲ့ကြရတာပါ။ ကားက သူတို့ကို နောက်ပြန်တိုက်ခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ တံတားပေါ်က ထိုးကျခဲ့ချိန်မှာ ကားက သူတို့အပေါ်မပိအောင် တိမ်းရှောင်နိုင်ခဲ့တဲ့အတွက် လွတ်မြောက်သွားခဲ့ရတာပါ။ မိခင်ဖြစ်သူ ဒိုင်က “သားကိုကယ်တင်ဖို့ ကျမ ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကျမရော သားပါ ပြုတ်ကျလာတဲ့ ကားအောက်မှာ မပိမိခဲ့ဘဲ လွတ်မြောက်လာခဲ့တာပါ” လို့ ပြောပါတယ်။ အဲဒီနောက် သူတို့ကို နီးစပ်ရာ ဒေသတွင်း ဆေးရုံတရုံဆီ အရေးပေါ် ဆေးကုသမှုခံယူနိုင်ဖို့ ပို့ဆောင်ထားခဲ့ရတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သွေးပျက်စရာကောင်းတဲ့ ဒီအခြေအနေကို တွေ့နိုင်မှာဖြစ်ပြီး တံတားပေါ်က ပြုတ်ကျခဲ့တဲ့အရှိန်ကြောင့် မိခင်ဖြစ်သူဟာ အရိုးတွေ ကျိုးကြေသွားခဲ့ကာ သားဖြစ်သူကတော့ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။ ဆရာဝန်တွေကတော့ သူတို့သားအမိ ၂ ဦးရဲ့ ကျန်းမာရေးအခြေအနေဟာ စိတ်ပူစရာတော့ မရှိဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up