လေလွင့်လူငယ်တွေကို ပြုပြင်ထိန်းသိမ်းပြီး တာဝန်ထမ်းဆောင်ခိုင်းရန် အစီအစဉ်မရှိ
နေဖြိုးဝင်း
·
February 15, 2017
လေလွင့်လူငယ်တွေကို ပြုပြင်ထိန်းသိမ်းပြီး တာဝန်ထမ်းဆောင်ခိုင်းဖို့ အစီအစဉ်မရှိသေးဘူးလို့ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီးက ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီးက ဒေါက်တာကျော်သန်းထွန်းရဲ့ မေးမြန်းချက်ဖြစ်တဲ့ လေလွင့်လူငယ်တွေကို ပြုပြင်ထိန်းသိမ်းဖို့နဲ့ တာဝန်ပေး ထမ်းဆောင်စေပြီး အသွင်းပြောင်းကာ အနာဂတ်နိုင်ငံတော်ရဲ့ သားကောင်းတွေအဖြစ် ဖန်တီးပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခုလို ပြန်လည်ဖြေကြားတာဖြစ်ပါတယ်။
ဒီမေးခွန်းဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အတွက် သဘောထားရဖို့ ညှိနှိုင်းခဲ့တယ်လို့လည်း ပြောပါတယ်။
“လေလွင့်ကလေးငယ်တွေကို စနစ်တကျကြပ်မတ်ထိန်းသိမ်းပြီးတော့ နိုင်ငံအနာဂတ်အတွက် အားကိုးရမယ့် လူငယ်တွေအဖြစ် အသွင်ပြောင်းပေးတာဟာ ကောင်းပါတယ်။ ဒါပေမယ့် တိုက်ရိုက်ဆောင်ရွက်ဖို့ရာဟာ လက်ရှိ အခြေအနေမှာ ခက်ခဲပါသေးတယ်။ အစီအစဉ်လည်း မရှိသေးပါဘူး” လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ဒါဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတစ်ခုထဲ ဆောင်ရွက်ဖို့ကလည်း ခက်ခဲပြီး လူငယ်တွေကို ပြန်လည်ပြုစုပျိုးထောင်ဖို့ မူဝါဒတွေ၊ ဥပဒေတွေ လိုအပ်နေသေးကြောင့် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။
“ဒါနဲ့ပတ်သက်ပြီး လူငယ်မူဝါဒကို စတင်ရေးဆွဲနေပြီဖြစ်ပါတယ်။ လူငယ်မူဝါဒပေါ်လာလို့ရှိရင် လူငယ်တွေကို စနစ်တကျ စုစည်းပြီး တိုင်းပြည်အတွက် အကျိုးရှိအောင် ပိုပြီးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါအပြင် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို ကလေးသူငယ်အခွင့်အရေးအဖြစ် အသစ်ပြန်ရေးဆွဲတာ ပြီးပြီဖြစ်ပါတယ်။ အစိုးရနဲ့ လွှတ်တော်ကိုတင်ပြပြီး အတည်ပြုမှာဖြစ်ပါတယ်။ ကလေးသူငယ်အခွင့်အရေးပေါ်ပေါက်လာရင် ကလေးသူငယ်တိုင်းမှာရှိတဲ့ အခွင့်အရေးရရှိဖို့ ဆောင်ရွက်ပေးခြင်းအားဖြင့် လူငယ်တွေကို စနစ်ကျပြုစုပျိုးထောင်တဲ့ ကိစ္စတွေဟာလည်း ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မူဝါဒတွေ၊ ဥပဒေတွေကို ရရှိအောင် ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူငယ်သင်တန်းကျောင်းတွေမှာ တာဝန် ထမ်းဆောင်ဖို့ ဆန္ဒရှိတဲ့သူတွေကို ရဲတပ်သား၊ မီးသတ်တပ်သားသစ်တွေအဖြစ် ခန့်အပ်ပေးခဲ့သလို တပ်မတော်အနေနဲ့ ၁၉၄၃ ခုနှစ် The Burma Auxilary Force Act အရ တပ်မတော်ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံမှာ ရဲညွန့်သင်တန်း ကျောင်းတွေကို ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်ထိဖွင့်ပြီး ဆန္ဒအလျောက်တာဝန်ထမ်းဆောင်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်မှာ အဲဥပဒေရုပ်သိမ်းခဲ့တဲ့အတွက် မဆောင်ရွက်နိုင်တော့သလို အခု အချိန်မှာ လေလွင့်လူငယ်၊ ဆိုးသွမ်းလူငယ်နဲ့ မူးယစ်ဆေးစွဲလူငယ်တွေကို တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ မီး သတ်လေ့ကျင့်ရေး သင်တန်းကျောင်းတွေကနေ အသွင်ပြောင်းလူငယ်တွေ မွေးထုတ်ပေးနိုင်တာ မရှိဘူးလို့ ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။