ရာထူးမှနုတ်ထွက်သွားသည့် မိုက်ကယ်ဖလင်းကို စုံစမ်းစစ်ဆေးရန် တောင်းဆို

ဓာတ်ပုံ - ရိုက်တာ
ရာထူးကနုတ်ထွက်သွားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်းလုံခြုံရေးအကြံပေး မိုက်ကယ်ဖလင်း (Michael Flynn) ကို စုံစမ်းစစ်ဆေးဖို့ ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင်တွေက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တောင်းဆိုလာကြပါတယ်။ မိုက်ကယ်ဖလင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရာထူးက နုတ်ထွက်သွားခဲ့တာပါ။ မိုက်ကယ်ဖလင်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မတက်ခင်မှာ ရုရှားအပေါ် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကိစ္စ ရုရှားသံအမတ်နဲ့ ဆွေးနွေးခဲ့တယ်လို့ စွပ်စွဲခံရအပြီး ရာထူးက နုတ်ထွက်သွားတာပါ။ မိုက်ကယ်ဖလင်းနဲ့ ရုရှားအကြား ဖုံးဆက်ပြောဆိုမှု ပြဿနာတွေ တက်နေတယ်ဆိုတာကို သမ္မတ ဒေါ်နယ်ထရမ့် သီတင်းပတ်တွေနဲ့ချီပြီး ကြိုသိတယ်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရက မနေ့က ပြောပါတယ်။ သူ့ကို လွတ်လပ်တဲ့စုံစမ်းရေးကော်မတီဖွဲ့ပြီး စစ်ဆေးဖို့ တောင်းဆိုမှုတွေကိုတော့ ရီပတ်ဘလစ်ကန်ပါတီ ထိပ်တန်းခေါင်းဆောင်တွေက သိပ်မလိုလားကြပါဘူး။ ဖုန်းပြောဆိုမှုတွေ၊ ဖုန်းကြားဖြတ်နားထောင်မှုတွေအရ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့ဝင်တွေနဲ့ တခြားမိတ်ဆွေတွေဟာ သမ္မတရွေးကောက်ပွဲမတိုင်ခင်မှာ ရုရှားထောက်လှမ်းရေး အရာရှိတွေနဲ့ အကြိမ်ကြိမ် ဖုန်းဆက်သွယ်မှုတွေ ရှိခဲ့တယ် ဆိုတာကို နယူးယောက်တိုင်းမ် သတင်းစာမှာ ဖော်ပြခဲ့အပြီး မိုက်ကယ်ဖလင်း နုတ်ထွက်ရတဲ့သတင်းတွေ ဖြစ်ပေါ်လာတာပါ။ ဒီမိုကရက်တစ်ပါတီ ကွန်ပျူတာဆာဗာ အဖောက်ခံရတဲ့ကိစ္စနဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကစားဖို့ ကိစ္စတွေမှာတော့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းရှိမရှိ၊ အထောက်အထားတွေတော့ မတွေ့ရှိဘူးလို့ အမေရိကန် အရာရှိတွေက နယူးယောက်တိုင်းမ် သတင်းစာကို ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up