ဆယ်ကျော်သက်ကောင်လေးနှင့် အတူတွဲကသည့် ရဲအရာရှိ ရုပ်သံ ရေပန်းစား

အမေရိကန်နိုင်ငံမှာ ဆယ်ကျော်သက်ကောင်လေးတဦးက အတူပြိုင်ကဖို့ စိန်ခေါ်ချိန်မှာ လက်ခံခဲ့ပြီး အတူတွဲကခဲ့တဲ့ ရဲအရာရှိရဲ့ ၂ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ ဒီအဖြစ်အပျက်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရဲအရာရှိ ဝီလျံစ်ကို ဂျေဆင်အမည်ရတဲ့ ဆယ်ကျော်သက်ကောင်လေးက အတူပြိုင်ကဖို့ စိန်ခေါ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဝီလျံစ်ဟာ ဂျေဆင်ရဲ့ လှုပ်ရှားမှုအတိုင်း အရွယ်နဲ့မလိုက်အောင် စည်းချက်နဲ့အညီ ကခုန်နိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။ သူတို့ အတူပြိုင်ကနေခဲ့တဲ့ နေရာဟာ ကားရပ်နားတဲ့ နေရာတခုမှာဖြစ်ပြီး ဝီလျံစ်ရဲ့ အထက်အရာရှိတဦးဖြစ်တဲ့ အက်ဒီမိုးရ်က ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရိုက်ကူးခဲ့တာပါ။ ဝီလျံစ်ဟာ အထက်အရာရှိဖြစ်တဲ့ အက်ဒီမိုးရ်နဲ့အတူ ကားပြင်ဖို့ စောင့်ဆိုင်းနေချိန်မှာ ဂျေဆင်က စကားလာပြောခဲ့ပြီး သူတို့ဟာ အကတွေအကြောင်း ဆက်စပ်ပြောဆိုဖြစ်ခဲ့ကြတာပါ။ အဲဒီနောက်တော့ စကားဆက်စပ်ကြရင်းနဲ့ ဂျေဆင်က သူဟာ ဝီလျံစ်ထက် ပိုကောင်းအောင် ကနိုင်တယ်လို့ ပြောခဲ့ပြီးနောက်မှာတော့ ခုလိုပြိုင်ကဖို့ စတင်ခဲ့တာလို့ အက်ဒီမိုးရ်က ပြောပါတယ်။ အချိန်အတန်ကြာ အတူတွဲကကြပြီးနောက်မှာတော့ ဝီလျံစ်က လက်ကိုမြှောက်ကာ ရယ်မောရင်း ဂျေဆင်ကို အရှုံးပေးခဲ့တာ တွေ့ရပါတယ်။ ဒီကြည်နူးစရာ ရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်း ၇ သောင်း ၇ ထောင်ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ “ကျနော်တို့ဟာလည်း လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး သူတို့နဲ့ ဘာမှ မခြားနားဘူး ဆိုတာကို လူတွေကို သိစေချင်တာပါ” လို့ အက်ဒီမိုးရ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up