Home
မြန်မာသတင်း
YBS ယာဉ်လိုင်း စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို ထိထိရောက်ရောက် အရေးယူ
အာကာ
·
February 15, 2017
YBS  ယာဉ်တွေမှာ စည်းကမ်းဖောက်ဖျက်တဲ့ယာဉ်တွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေပါတယ်။ YBS ယာဉ်လိုင်းတွေကို ယခင် မ.ထ.သ စီမံအုပ်ချုပ်တုန်းကလို မဟုတ်ဘဲ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲရေး အာဏာပိုင်အဖွဲ့ YRTA က ပြောဆိုထားတဲ့အတိုင်း လက်ရှိမှာ ပြင်းပြင်းထန်ထန် အရေးယူတာတွေ လုပ်နေတာပါ။ ယာဉ်လိုင်းတွေမှာ ခရီးသွားပြည်သူတွေရဲ့ တိုင်တန်းမှုအပြင် YRTA ရဲ့ တာဝန်ရှိသူတွေကိုယ်တိုင် ကွင်းဆင်းစုံစမ်းပြီး အရေးယူနေတယ်လို့ သိရပါတယ်။ “တိုင်ထားတဲ့အမှုကတော့ မှတ်တိုင်မှာ လူလုတင်တာပေါ့။ အဲဒါကို သူတို့ကတော့ မ.ထ.သ ရဲ့ ဥပဒေလို့တော့ သူတို့ပြောတယ်။ ၆၁ နဲ့ ငြိတာပေါ့။ မဆင်မခြင်မောင်း။ ၁ လနဲ့ ဒဏ်ငွေ ၁ သောင်းပေါ့။ အဲဒါနဲ့ ကျနော့်ကို အမိန့်ချတာပေါ့။ လက်ရှိမှာတော့ လိုင်စင်တော့ ပြန်ပေးလိုတယ်။ လူကတော့ ကားလုပ်ပိုင်ခွင့် ၁ လ ကားမောင်းလို့မရဘူးပေါ့။ လိုင်စင်နဲ့ အခြားကားတော့ မောင်းလို့ရတယ်” လို့ အမှတ် (၄) ယာဉ်လိုင်း ယာဉ်မောင်းဦးဝင်းနိုင်က ပြောပါတယ်။ ဒါ့အပြင် YRTA လက်ထက် အရေးယူတာတွေဟာ အရင် မ.ထ.သ ထက် ပြင်းထန်တယ်လို့ ပြောကြပါတယ်။ “ကျောင်းလွှတ်ချိန်ဖြစ်တဲ့အတွက် နေရာချောင်တဲ့ ယာဉ်ကြောကို တက်သွားတယ်။ ဒါကို ကြားထဲကနေပြီးတော့ တယောက်က ရိုက်ပြီးတော့ တင်လိုက်တဲ့အချိန်မှာ ကျနော်တို့က ဒီအမှု ဖြစ်ရတယ်ပေါ့နော်။ ဂက်စ်စာအုပ် သိမ်းထားတယ်။ ယာဉ်မောင်းလိုင်စင် သိမ်းထားတယ်။ စပယ်ယာလိုင်စင် သိမ်းထားတယ်။ လုပ်ငန်းလိုင်စင် သိမ်းထားပါတယ်။ ပြင်းထန်ပါတယ်။ အရင် မ.ထ.သ ထက်ကို ပြင်းထန်ပါတယ်” လို့ အမှတ် (၇) ယာဉ်လိုင်း ယာဉ်မောင်း ဦးမြင့်ဇော်က ပြောပါတယ်။ “အရင်တုန်းကဆို သူတို့က ၁ လပိတ်နေရာမှာ ၁ သောင်းပဲ ဒဏ်ရိုက်ပြီးတော့ ပြန်လွှတ်လိုက်တာတို့။ အဲဒီလိုမျိုးတွေ လုပ်ပေးတာပေါ့နော်။” ဒါပေမယ့် တချို့ဖြစ်စဉ်တွေကို အရေးယူမှုတွေမှာ ကြန့်ကြာမှုတွေရှိနေတယ်လို့ ယာဉ်မောင်းတွေက ဆိုပါတယ်။ “၇ ရက်နေ့ ညနေပေါ့ဗျာ။ ကျနော် ဖြစ်သွားတာက ၇ ရက်နေ့ပေါ့။ ၈ ရက်နေ့မနက်မှာ ကျနော် ဒီကိုလာလိုက်တယ်။ အဲဒီအချိန်ကတည်းကိုက လူရော ကားရော လာဖို့ ခေါ်တယ်။ အမှုစစ်ဖို့အတွက် ယာဉ်လုပ်သားလိုင်စင်တွေ၊ ယာမောင်း စပယ်ယာ လိုင်စင်တွေပေါ့။ အဲဒါတွေ တောင်းတယ်။ ပြီးတော့ ကျနော်တို့ ထွက်ဆိုချက်တွေ တောင်းတယ်။ ဒါပေမယ့် အခုချိန်အထိ ကျနော်တို့က အပြစ်ဒဏ်ချမှတ်ဖို့က ဒီနေ့ထိကို မသိရသေးဘူး” လို့ အမှတ် (၄) ယာဉ်လိုင်း ယာဉ်မောင်း ဦးပြည့်စိုးအောင်က ပြောပါတယ်။ “ကျနော်တို့ဆိုရင် အခုဆို ၈ ရက်ဖြစ်သွားပြီပေါ့နော်။ ၈ ရက်ဖြစ်သွားပြီဆိုတော့ ကျနော့်ကို မှီခိုစားသောက်နေတဲ့၊ ဒီကားကို ကျနော်ကိုယ်တိုင် မောင်းပါတယ်။ နောက်တခုက ဒီကားကို ကန်ထရိုက်ယူထားရတာ ဖြစ်ပါတယ်။ အုံနာကို ကျနော်တို့က ၁ လ ၆ သိန်း ပေးရပါတယ်။ ပေးရတဲ့အတွက် ကျနော်တို့မှာ နှစ်ဖက်စလုံး နစ်နာတယ်ပေါ့နော်။ ကျနော် မောင်းရတဲ့ ဒေးလီးကြေးလည်း မရဘူးပေါ့နော် ကျနော့်မိသားစု စားဝတ်နေရေးက။ တဖက်မှာလည်း ကားကိစ္စက တလကို ၆ သိန်း ပေးနေရတဲ့အတွက် ကျနော်တို့မှာ တော်တော်ဆုံးရှုံးနစ်နာမှု ဖြစ်ပါတယ်” လို့ အမှတ် (၇) ယာဉ်လိုင်း ယာဉ်မောင်း ဦးမြင့်ဇော်က ပြောပါတယ်။ လက်ရှိမှာတော့ YBS ယာဉ်လိုင်းတွေကို အရေးယူမှုတွေမှာ ယာဉ်နောက်လိုက်တွေကို အရေးယူတာ နည်းပါးပြီး ဖြစ်စဉ်အများစုမှာ ယာဉ်မောင်းတွေကိုပဲ အများဆုံး အရေးယူနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024