Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသလုံခြုံရေး တိုးမြှင့်ချထား
DVB
·
February 15, 2017
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နယ်မြေဒေသတည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေပေမယ့် လုံခြုံရေးအင်အား တိုးမြှင့်ချထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ မောင်တောဒေသနဲ့ ဘူးသီးတောင် မြို့နယ်တွေကို လုံခြုံရေးနဲ့ ပင်လယ်ကမ်းခြေတလျှောက် ဒေသခံတွေ ပါဝင်ခွင့်ရှိတဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေကို နိုင်ငံတော်လုံခြုံရေးရှုထောင့်က ဘယ်လို စီမံချက်ချမှတ် ဆောင်ရွက်နေလဲ သိရှိလိုကြောင်း  ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကျောက်ဖြူ အမတ် ဦးဘရှိန်က  မေးခွန်းထုတ်ရာမှာ လာရောက်ဖြေကြားသွားတာပါ။ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ဟာ နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၁ခု၊ ကင်းစခန်း ၁၂၄ ခု၊ ချောင်းဝကင်းစခန်း ၂၇၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခု၊ စုစုပေါင်း ၁၈၆ နေရာကို နယ်ခြားစောင့် ရဲတပ်ဖွဲ့အပါအ၀င် ရဲအင်အားများဖြည့်တင်းပြီး တပ်မတော်နဲ့ ပူးပေါင်းပြီးတော့ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေနဲ့လည်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသမှာ ရှိတဲ့ ရဲကင်းများမှာ ရဲအင်အားများ ဖြည့်တင်းပြီး လုံခြုံရေးများ တိုးမြှင့်ချထားလျက်ရှိပါတယ်”လို့ ပြောပါတယ်။ ၂၀၁၆ အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နယ်မြေရဲစခန်း အကြမ်းဖက်မှု တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ဒေသခံတွေအနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ ဒေသတည်ငြိမ် အေးချမ်းတဲ့ အခြေအနေမှာရှိနေပြီး နေရပ်စွန့်ခွာထွက်ပြေးနေတဲ့ ပြည်သူတွေ ပြန်လည်နေထိုင်နေ တယ်လို့ ပြောဆိုထားပေမယ့် မြေပြင်သတင်းတွေအရ လက်ရှိအချိန်ထိ နေရပ်စွန့်ခွာသူတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။ “ဝန်ကြီးဌာနကတော့ သူတို့လုပ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ပြောတာပေါ့။ လုံခြုံရေးရှုထောင့်က လုပ်ထားတာတွေကို ပြောပြတော့ တို့လည်း မြင်ရတာပေါ့လေ။ သူတို့တွေက လုံခြုံရေးကို ဒီလိုအများအပြား လုပ်ထားပေမယ့် မြေပြင်မှာက ပဋိပက္ခဖြစ်တဲ့အခါ ဘူးသီးတောင်၊ မောင်တောဒေသက ပြည်သူတွေဟာ သူတို့အတွက် လုံခြုံမှုရှိတဲ့ဆီကို ထွက်ပြေးလာကြတယ်။ နယ်မြေ တည်ငြိမ်အေးချမ်းသွားတယ် ဆိုပြီးတော့ သူတို့မူလဒေသတွေကို ပြန်သွားကြတယ်။ ဒီလို ပြန်သွားတဲ့အခါ သူတို့အတွက် မလုံမခြုံမှုတွေ တွေ့ကြုံခံစားရတယ်ဆိုပြီးတော့ မြို့ပေါ်ကို ပြန်လာကြတယ်ဆိုတဲ့ တယ်လီဖုန်းသတင်းတွေလည်း ရတယ်။ အဲဒါကြောင့် သူတို့တွေအတွက် လုံခြုံမှုကောင်းအောင် ဘယ်လိုလုပ်ပေးမလဲ၊ လုပ်ပေးဖို့ လိုတယ်” ဘူးသီးတောင်၊ မောင်တောဒေသအတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတော် အဆင့်အဖွဲ့အစည်းတွေမှာ ဒေသခံ ကိုယ်စားလှယ်တွေ၊ NGOက လူပုဂ္ဂိုလ်တွေ ပါဝင်ဖွဲ့စည်းထား သလို ရေလမ်းကြောင်း လုံခြုံရေးအတွက် တပ်မတော်က ရေယာဉ်တွေအသုံးပြုပြီး ကင်းလှည့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးတာဝန်ရှိသူက လွှတ်တော်မှာ ပြောသွားပါတယ်။ သတင်း - အောင်ဆန်းဦး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024