ရန်ကုန်ဘောလုံးအကယ်ဒမီအတွက် ကစားသမားရွေးချယ်မှု ၂၀၁၈ မှ ပြုလုပ်မည်

မြန်မာဘောလုံးအကယ်ဒမီ ရန်ကုန်အတွက် လူငယ်ကစားသမား ရွေးချယ်မှုကို လာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ မြန်မာဘောလုံးအကယ်ဒမီ ရန်ကုန် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြုလုပ်မှာဖြစ်ပေမယ့် ကစားသမားသစ် ရွေးချယ်မှုကိုတော့ လာမယ့်နှစ်မှ စတင်ပြုလုပ်ဖို့ စီစဉ်ထားတာပါ။ လောလောဆယ်မှာတော့ လူငယ်လက်ရွေးစင်အသင်းတချို့ကိုပဲ အကယ်ဒမီမှာ လေ့ကျင့်သင်ကြားပေးမယ်လို့ သိရပါတယ်။ “လောလောဆယ်အနေအထားမှာ အချိန်လည်းတိုနေပြီ။ နောက် ရွေးထားတဲ့ ကစားသမားလေးတွေကလည်း စာမေးပွဲဖြေတဲ့ကာလ တိုက်နေတဲ့အတွက် လောလောဆယ်မှာ Youth အသင်း တသင်း သို့မဟုတ် နှစ်သင်းထားပြီးတော့ လုပ်ပါမယ်။ ပြီးမှ လာမယ့်နှစ် Semester မှာ တကယ့်ပတ်ကားလည်း ဖြစ်သွားပြီ၊ အဆောက်အဦကလည်း တကယ့် Full fill ဖြစ်သွားပြီ၊ လိုအပ်တဲ့ပစ္စည်းတွေလည်း အားလုံးပြည့်သွားပြီဆိုရင် အဲဒီမှာ ကျနော်တို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ တရားဝင် သတင်းစာတို့၊ ရုပ်မြင်သံကြားတို့မှာ ကြော်ငြာပါ့မယ်။ သက်တမ်းအလိုက် အရေအတွက် ဘယ်လောက်ခေါ်မယ်၊ ဘယ်အရည်အချင်းတွေ ကိုက်ညီဖို့ လိုပါတယ်ဆိုတာမျိုး အဲဒီအခါကျရင် ကျနော်တို့ အသေးစိတ် သတင်းထုတ်ပြန်ပေးပါ့မယ်” လို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောပါတယ်။ ရန်ကုန်ဘောလုံးအကယ်ဒမီကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ပံ့ပိုးမှုနဲ့အတူ ဧရာဝတီဖောင်ဒေးရှင်းက အဓိက တာဝန်ယူ တည်ဆောက်တာပါ။ ဘောလုံးအကယ်ဒမီမှာ ဘောလုံးပညာတွေကို လေ့ကျင့်သင်ကြားပေးဖို့အတွက် နိုင်ငံခြားသား နည်းပြတွေကို ခန့်အပ်မှာဖြစ်ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်လို့လည်း ဦးစိုးမိုးကျော်က ဆက်ပြောပါတယ်။ “ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် JFA နဲ့ Partnership လုပ်ဖို့ ညှိနှိုင်းနေတာရှိတယ်။ အဲဒါ အောင်မြင်ရင်တော့ JFA က သင့်တော်တဲ့ နည်းပြတဦးကို ခန့်ထားဖို့ စဉ်းစားတာရှိတယ်။ ဒါ့အပြင် ယူ-၁၄ တို့၊ ယူ-၁၅ တို့ အသင်းအတွက်ဆိုရင် ပြင်သစ်နည်းပြ ခန့်ထားတာရှိတယ်။ တခြားအထက်တွေဆိုရင်လည်း သူ့သက်ဆိုင်ရာ နည်းပြတွေ ခန့်ဖို့ရှိတယ်။ ဒါပေမယ့် အသေးစိတ်ထုတ်ပြန်မှုကတော့ Confirm ဖြစ်တဲ့အချိန်မှာ ထုတ်ပြန်ပေးပါမယ်။” မြန်မာဘောလုံးအကယ်ဒမီ ရန်ကုန် ဖွင့်ပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနို လာရောက်ဖွင့်လှစ်ပေးမှာဖြစ်ပြီး အာရှနဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေလည်း တက်ရောက်ကြမှာပါ။ မြန်မာနိုင်ငံမှာ မန္တလေး ဘောလုံးအကယ်ဒမီနဲ့ ပုသိမ် ဘောလုံးအကယ်ဒမီတွေလည်း ဖွင့်လှစ်ထားပြီး အခုဖွင့်လှစ်မယ့် ရန်ကုန်ဘောလုံးအကယ်ဒမီဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ၃ ခုမြောက် လူငယ် ဘောလုံးအကယ်ဒမီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up