ဆီးရီးယားအစိုးရတပ် ဓာတုလက်နက်သုံးခဲ့ဟု လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်

ဆီးရီးယားစစ်ပွဲအတွင်း ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဆေးဝါးကုသခံနေရသူအချို့။
ဆီးရီးယား အစိုးရတပ်တွေဟာ မနှစ်နှောင်းပိုင်းက ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး Human Rights Watch-HRW က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အလက်ပိုမြို့ကို ပြန်သိမ်းပိုက်ရေး တိုက်ပွဲတွေအတွင်း အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ မြို့အစိတ်အပိုင်းတွေထဲမှာ ဓာတုလက်နက်သုံးခဲ့တဲ့ သက်သေတွေ ပိုတိုးလာတယ်လို့ ရှာဖွေ တွေ့ရှိမှုတွေက ပြထားပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်းမှာ ဓာတုလက်နက်တိုက်ခိုက်မှု အနည်းဆုံး ၈ ကြိမ်ရှိတယ်လို့ HRW က အထောက်အထား ပြထားပါတယ်။ အစိုးရတပ်တွေက သူပုန်တွေဆီက မြို့ကို ပြန်သိမ်းဖို့ ထိုးစစ်အတွင်း သုံးခဲ့တာလို့ HRW ရဲ့ အရေးပေါ်ကိစ္စဆိုင်ရာ ဒု-ညွှန်မှူး အိုလေ ဆော်လ်ဗန်က ပြောပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ပုံအရ ထိုးစစ်မှာ မပါမဖြစ် အစိတ်အပိုင်းတခု ဖြစ်နေတယ်ဆိုတာ ပြနေတာပဲလို့ သူက ဆက်ပြောပါတယ်။ ဆီးရီးယားစစ်တပ်နဲ့ အလက်ပိုမြို့ကို သိမ်းရာမှာ ပါဝင်ကူညီတဲ့ ဆီးရီးယားရဲ့ မဟာမိတ် ရုရှားတို့ကတော့ ဓာတုလက်နက်သုံးတယ်ဆိုတဲ့ အချက်ကို ငြင်းပါတယ်။ အတိုက်အခံ စစ်သွေးကြွတွေက သမ္မတ ဘတ်ရှာ အယ်လ် အာဆတ် အစိုးရကို ဖယ်ရှားချင်နေတာလို့ အပြစ်တင် ပြောဆိုပါတယ်။ HRW ကတော့ သူ့အစီရင်ခံစာဟာ မျက်မြင်သက်သေတွေနဲ့ လူတွေ့ မေးမြန်းမှုအပေါ် အခြေခံထားတယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက် မီဒီယာတွေပေါ်က တင်ပြချက်တွေ၊ ဓာတ်ပုံတွေနဲ့ ရုပ်သံတွေကို စစ်ဆေး သုံးသပ်ထားတယ်လို့လည်း ဆိုပါတယ်။ ဓာတုတိုက်ခိုက်မှုမှာ ရုရှား ပါမပါတော့ သက်သေမပြထားပါဘူး။ အလက်ပိုမြို့ကို ပြန်သိမ်းဖို့ အစိုးရတပ်ကို ကူညီတဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါခဲ့တယ်လို့သာ မှတ်ချက်ပြု  ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up