အကျဉ်းထောင်တွင်းကျဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသားများကိုဂုဏ်ပြုပွဲ ကျင်းပမည်
အောင်သူ
·
February 14, 2017
၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင်း အကျဉ်းစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ ကျဆုံးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက ကျဆုံးနိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုပွဲပြုလုပ်မယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်ခဲ့တဲ့အချိန်ကနေစလို့ အာဏာရှင်စနစ်ကို တော်လှန်ခဲ့ ကြတဲ့သူတွေကို အာဏာပိုင်တွေက ဖမ်းဆီးတာခံခဲ့ရပြီး အကျဉ်းထောင်အသီးသီးမှာ ကျဆုံးသွားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လာမယ့် မတ်လထဲမှာဂုဏ်ပြုပွဲလုပ်ဖို့ စီစဉ်တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးက ပြောပါတယ်။
“တိကျတဲ့စာရင်းတွေရဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သတ်ပြီး လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေဆီကနေ အချက်အလက်တွေရယူခဲ့သလို ပါတီရဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ဆိုပြီး အဆင့်ဆင့်စစ်ဆေးမှုတွေလုပ်နေပြီး ရန်ကုန်တိုင်းဒေသကြီးထဲက ကျဆုံးနိုင်ငံရေး အကျဉ်းသား တွေ မကျန်ခဲ့အောင်လုပ်ဆောင်နေကြပါတယ်။ လက်ရှိအချိန်မှာတော့ ကျဆုံးနိုင်ငံရေးအကျဉ်းသား ၂၀ ကျော်လောက်ရှိပြီး အများစုကတော့ လူလတ်ပိုင်းတွေ များပါတယ်။”
အကျဉ်းထောင်တွေထဲမှာ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပထမဆုံအကြိမ် ဂုဏ်ပြုပွဲပြုလုပ်တာဖြစ်ပြီး အကျဉ်းထောင်ထဲကထွက်ပြီး သေဆုံးသွားတဲ့သူတွေနဲ့ ဒီမိုကရေစီအရေး အတွက် လုပ်ဆောင်ခဲ့တဲ့ ဂုဏ်ပြုထိုက်တဲ့သူတွေကို ဂုဏ်ပြုနိုင်ဖို့ လုပ်ဆောင်မယ်လို့ပြောပါတယ်။