လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးကို အဓိကထားပြီး ရွေးမည်
DVB
·
December 19, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမခေါင်းဆောင်အဖြစ် ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရွေးချယ်လိုက်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ပါတီထူထောင်သူ ၂၁ ဦးရဲ့ အစည်းအဝေးကနေ ခုလို ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
ပါတီမှတ်ပုံတင်ဖို့အတွက် ပါတီခေါင်းဆောင်နဲ့ ဒု-ခေါင်းဆောင်တို့ ရွေးချယ်ဖို့ လိုအပ်တဲ့အတွက် အစည်းအဝေး ခေါ်ပြီး ခုလို ရွေးချယ်လိုက်တာဖြစ်ပြီး လာမယ့်ရက် အနည်းငယ်အတွင်း နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ သွားရောက် မှတ်ပုံတင်မယ်လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။
“ဒီခေါင်းဆောင် ၂ ယောက်က မကြာခင်မှာပဲ နေပြည်တော်ကို သွားပြီးတော့ အဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ပြန်လည်မှတ်ပုံတင်မှာ ဖြစ်ပါတယ်။ မှတ်ပုံတင်တဲ့အခါမှာ ကော်မရှင်နဲ့ တွေ့ပြီး ပါတီရဲ့ နာမည်က ဘယ်လိုမှည့်ခေါ်မယ်။ အလံတော်က ဘာဖြစ်မယ်။ တံဆိပ်က ဘယ်လိုသတ်မှတ်တယ်။ ရည်မှန်းချက်က ဘာတွေ၊ ဖွဲ့စည်းပုံက ဘယ်လိုဖွဲ့စည်းမယ်။ ပါတီနဲ့ပတ်သက်တဲ့ မူဝါဒတွေက ဘာဖြစ်တယ် ဆိုတာတွေကို ကျနော်တို့ အဆင်သင့် ပြုစုပြီးပါပြီ။ အဲဒါတွေကို တင်ပြပြီးတော့ သူတို့မှတ်ပုံတင်မှာ ဖြစ်ပါတယ်။”
ခုချိန်ထိတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စာရင်းတွေ မထုတ်ပြန်သေးပေမယ့် လွှတ်တော်ကိုယ်စားလှယ်ကို အချက် ၅ ချက်ပါ အရည်အချင်းနဲ့ ရွေးချယ်မှာလို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အဖွဲ့ဝင်တဦးက ပြောပါတယ်။
ခေတ်ပညာတတ်သူ၊ လုပ်ငန်းကျွမ်းကျင်သူ၊ အမျိုးသမီး၊ အန်အယ်ဒီပါတီကို နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့သူ၊ လူငယ်ဖြစ်ပြီးတော့ သက်ဆိုင်ရာဒေသတွေမှာ အများက ကြည်ညို လေးစားတဲ့သူတွေ ပါဝင်ရမယ်လို့ ဆိုပါတယ်။
အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးသမီးတွေ အများစု ပါဝင်ဖို့ လိုလားတယ်လို့ သိရပါတယ်။
လက်ရှိ လွှတ်တော်ထဲမှာတော့ အမျိုးသမီးဦးရေ ၁၆ ဦး ရှိနေတဲ့အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။ ပါတီရဲ့မူဝါဒနဲ့ ဖွဲ့စည်းပုံကိုလည်း ပါတီမှတ်ပုံတင်ပြီးမှ ထုတ်ဖော် ကြေညာမယ်လို့ သိရပါတယ်။