မဟာမုနိဘုရားကိုယ်ပေါ်မှ စလွယ်တော် ဖယ်ရှားရေး ဆန္ဒပြခွင့်ပြုချက်တင်သူ ၂ ဦးကို အမှုဖွင့်
DVB
·
February 14, 2017
ရခိုင်ပြည်နယ်၊ ကျောက်တော်မဟာမုနိဘုရားကိုယ်ပေါ်မှာ စလွယ်တော်ကို ဖယ်ရှားပေးရေးအတွက် ဆန္ဒပြပွဲခွင့်ပြုချက်တင်သူ ၂ ဦးကို ငြိမ်း/စု/စီကို ချိုးဖောက်ခဲ့တယ်လို့ဆိုပြီး ကျောက်တော်မြို့မရဲစခန်းက အဖွင့်ထားပါတယ်။
ဆန္ဒပြဖို့အတွက် ခွင့်ပြုချက်တောင်းခံထားရာထက် သတ်မှတ်နေရာ၊ အချိန်၊ လူဦးရေ ကျော်လွန်ခဲ့တာကြောင့် အခုလို့ အမှုဖွင့်အရေးယူရတာလို့ ကျောက်တော်မြို့မရဲစခန်းမှာ စခန်းမှူးဦးစိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။
“ဆန္ဒပြဖို့ ခွင့်ပြုချက်တင်သူနှစ်ဦးကို အမှုဖွင့်အရေးယူတာပါ။ ငြိမ်ချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာကို ချိုးဖောက်တဲ့အတွက် ဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်ထားပါတယ်။ လူအင်အား ဘယ်လောက်၊ သတ်မှတ်အချိန်၊ သတ်မှန်နေရာ ဘယ်လောက်ဆိုတာ လျောက်လွှာစတင်ကတည်း ပါတယ်။ အဲဒီစည်းကမ်းတွေကို ဖောက်ဖျက်တဲ့အတွက် ကျနော်တို့အနေနဲ့ အမှုဖွင့်အရေးယူတာပါ။ ကျန်တဲ့အပိုင်းတော့ မပါဘူး။ ငြိမ်းစုစီနဲ့အမှုဖွင့် အရေးယူတာ”
"သတ်မှတ်ထားခွင့်ပြုချက်အတိုင်း ပြုလုပ်ရတာဖြစ်ပြီး သတ်မှတ်အချိန်ထက် ကျော်လွန်ပြီး ပြုလုပ်တာမဟုတ်ဘူး"လို့ ဆန္ဒပြရာမှာ ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ကိုဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“ဒါကပြဿနာမဟုတ် ပြဿနာရှာနေတာ။ ဒါက ကျနော်တို့ ပြည်သူတွေကို သက်သက်အနိုင်ကျင့်စော်ကားတာပဲ။ ခွင့်ပြုချက်တင်ထားတဲ့ ကျနော်တို့ပြည်သူတွေ လုပ်ခဲ့တယ်။ လုံခြုံရေးရှိရက်သားနဲ့ ကျနော်တို့ ဆန္ဒထုတ်ဖော်ခြင်းကြေညာတာကို သိရမယ်လေ။ သိသိရင်းနဲ့ အချိန်လွန်လို့ ပြောတာက သူတို့ကိုယ်တိုင်က ဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်တာ။ ကျနော်တို့ သတ်မှတ်ထားတဲ့ဟာတွေထက် လုပ်တာ ဘာမှမရှိဘူး။”
ဖေဖော်ဝါရီ ၉ ရက်နေ့ ကျောက်တော်မြို့မရဲစခန်းက ဆန္ဒပြခွင့်ပြုချက်တင်သူနှစ်ဦးဖြစ်တဲ့ ကျော်တော်မြို့ခံ ဦးကျော်အေးနဲ့ ဦးအေးကျော်တို့ကို ငြိမ်း/စု/စီကို ချိုးဖောက်ခဲ့တယ်လို့ဆိုပြီး အမှုဖွင့်ခဲ့တာပါ။
အမှုဖွင့်ခံထားရသူနှစ်ဦးဟာ မနေ့ညက လာရောက်အဖမ်းခံခဲ့ပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့မယ့် လာမယ့် ၁၇ ရက်နေ့မှာ သူတို့နှစ်ဦးအမှု ရုံးတင်စစ်ဆေးသွားမယ်လို့ စခန်းမှူးက ပြောပါတယ်။
ကျောက်တော်မဟာမုနိဘုရားကိုယ်ပေါ်မှာ စွယ်တော်နဲ့ မကိုဋ်တော်၊ နားတောင်းတော် ဖယ်ရှားပေးရေး ဆန္ဒထုတ်ဖော်အစီအစဉ်ကို ဖေဖော်ဝါရီ ၅ ရက်နေ့က ပြုလုပ်ခဲ့တာပါ။
သတင်း - ဝဏ္ဏခွာညို