ချစ်သူများနေ့ စုပေါင်းလက်ထပ်ပွဲ ဘန်ကောက်တွင် ကျင်းပ
DVB
·
February 14, 2017
ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ဗယ်လင်တိုင်း ခေါ် ချစ်သူများနေ့မှာ အထူးအမှတ်တရ ဖြစ်စေဖို့အတွက် ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ရတ်နယ်မြေထဲမှာ စုပေါင်းလက်ထပ်စာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပနေတယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဘန်ရတ်နယ်မြေအုပ်ချုပ်ရေးရုံးက စီစဉ်ကျင်းပတဲ့ ဒီပွဲမှာ ချစ်သူစုံတွဲတွေကို မနက် ၇ နာရီမှ ညနေ ၃ နာရီအတွင်း မှတ်ပုံတင်အရာရှိတွေက စောင့်ဆိုင်းပြီး တရားဝင်လက်ထပ်ထိမ်းမြားပေးမှာ ဖြစ်ပါ တယ်။
စုပေါင်းလက်မှတ်ရေးထိုးပွဲကို ဘန်ရတ်ဗဟိုစာတိုက်ကြီးမှာ ကျင်းပပြီး ပန်းစည်းတွေနဲ့ မင်္ဂလာအခမ်း အနား ပြင်ဆင်ထားသလို ထိုင်းရိုးရာ မင်္ဂလာလက်ဖွဲ့နဲ့ စီတန်းလှည့်ကြပါတယ်။
အထူးအမှတ်တရအဖြစ် စုံတွဲဆယ်တွဲလျှင် ရွှေဘောင်ကွပ် လက်ထပ်စာချုပ်တခု ကံစမ်းမဲဖောက် ပေးနေတာပါ။ ဒါပေမယ့် အဲဒီရွှေဘောင်ကွပ် လက်ထပ်စာချုပ်ကို တကြိမ်တခါမျှ လက်မထပ်ဖူးသေး တဲ့ သူတွေကိုသာ ပေးအပ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ လာရောက်လက်မှတ်ထိုးတဲ့ စုံတွဲတွေကို မင်္ဂလာလက်ဖွဲ့အဖြစ် အသည်းပုံအရုပ်နဲ့ ပန်းစည်းတွေ လက်ဆောင်ပေးပြီး သားဦသန္ဓေကျန်းမာရေး ကာကွယ်ဆေးပါ တိုက်ကျွေးခဲ့ပါတယ်။
ချစ်သူများနေ့မှာ စုံတွဲတွေစုပြီးလက်မှတ်ထိုးပွဲကို ထိုင်းနိုင်ငံ အခြားဒေသမှာလည်း ကျင်းပပြီး မနှစ်က နယ်မြေပေါင်း ၅၀ ရှိ လက်မှတ်ထိုးပွဲအနက် ဒီဘန်ရတ်နယ်မြေက စုံတွဲပေါင်း ၁၀၄၅ တွဲနဲ့ အများဆုံး လာရောက်လက်မှတ်ရေးထိုးတဲ့နေရာ ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ - Nation