မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်ရှာနေ
နေဖြိုးဝင်း
·
February 14, 2017
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်ရှာနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးက ဒီနေ့ လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးထွန်းထွန်းဦးရဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်တဲ့ မန္တလေး-မူဆယ်ကားလမ်းမကြီးဟာ လမ်းကြောင်းကျပ်တာ၊ ဆိုးဆိုးဝါးဝါး လမ်းပိတ်ဆို့တာတွေ မကြာခဏဖြစ်ပွားနေတာကြောင့် အခုလမ်းထက် ခရီးမိုင်သက်သာတိုတောင်းပြီး စိတ်ချလုံခြုံ အန္တရာယ်ကင်းစွာသွားလာ အသုံးပြုနိုင်တဲ့ တခြားလမ်းကြောင်းသစ်တခု ဖောက်လုပ်ပေးဖို့ စီမံ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အခုလို ပြန်လည်ဖြေဆိုတာပါ။
"မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးဟာ မဟာဗျုဟာကျတဲ့ စီးပွားရေးစင်္ကြံလမ်းမကြီး ဖြစ်တဲ့အတွက် ရေရှည်လုပ်ငန်းတရပ်အနေနဲ့ နောက်ထပ်လမ်းကြောင်းသစ်တခုကို ပဏာမ စူးစမ်းရှာဖွေ ဆောင်ရွက်နေပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတွေကို ၄ လမ်းသွား အမြန်လမ်းမကြီးအဆင့်အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးဝင်းခိုင်က ဆိုပါတယ်။
ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းပြီး BOT စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။