Home
မြန်မာသတင်း
သန်လျင်နှင့် သီလ၀ါမြေဈေး ငါးဆတက်
ရွှေအောင်
·
December 19, 2011
ရန်ကုန်တိုင်း သန်လျင်နဲ့ သီလ၀ါအနီးနားက မြေဈေးတွေ အခုရက်ပိုင်းအတွင်း ငါးဆလောက် တက်သွားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး မြေဈေးတွေ တက်ကုန်တာပါ။ အထူးသဖြင့် သန်လျင်နဲ့ ကျောက်တန်းမြို့အကြားမှာရှိတဲ့ သီလ၀ါစက်မှုဇုန်နားက မြေဈေးတွေ တက်တာပါ။ သီလ၀ါစက်မှုဇုန် တည်ဆောက်မယ်ဆိုတဲ့ သတင်းကြားကတည်းက မြေဈေးတွေ တက်ကုန်တာလို့ သန်လျင်မြို့ခံတဦးက ပြောပါတယ်။ “အဲဒီသတင်း ထွက်လာကတည်းက ရန်ကုန်ကနေ ဆင်းလာကြတာ အများကြီးပဲ အကွက်တွေက ကုန်သလောက်တောင် ဖြစ်သွားပြီ။ အခုရက်ပိုင်းပေါ့၊ ရှေ့ရက်ပိုင်းက ရောင်းထားတဲ့ဟာတွေတောင် ဈေးတွေနဲ့ လေးငါးဆလောက် ကွာသွားပြီ။ သီလ၀ါနား တ၀ိုက်ရော မြို့ထဲပါ ဈေးတွေ မြောက်တက်ကုန်တာ။ မြို့ထဲမှာ အရင်က ၂၀၀ လောက်ရှိတဲ့ဟာက အခု ၁၀၀၀ လောက်ဖြစ်ကုန်တာ။” သီလ၀ါနားက လူမနေကြတဲ့ မြေကွက်တွေ ၀ယ်ကြတာများပြီး အရင် ဆယ်သိန်းလောက် ပေါက်ဈေးရှိတဲ့ မြေကွက်တွေက အခု သိန်းငါးဆယ် ဖြစ်ကုန်တယ်။ ဒီရက်ပိုင်းမှ အပြေးဝယ်လိုက်ပြီး ပြန်ရောင်းတဲ့သူတွေလည်း ရှိတယ်လို့ မြို့ခံက ဆိုပါတယ်။ မြေလိုက်ဝယ်တဲ့ သူတွေကတော့ ရန်ကုန်က အများစုဖြစ်ပြီး သန်လျင်မြို့ပေါ်မှာ လိုက်ဝယ်သူတွေ ရှိပေမယ့် ရောင်းမယ့်သူ မရှိသလောက်ဖြစ်ပြီး စီးပွားရေး ဇုန်လုပ်မယ့် သီလ၀ါ အနီးအနားတ၀ိုက် ဆိုင်ကယ် ကယ်ရီဆွဲတဲ့ လူတွေလည်း အခုတော့ မြေအရောင်းအ၀ယ် ပွဲစားတွေ ဖြစ်ကုန်ကြပြီလို့ နောက်မြို့ခံတဦးက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်နဲ့ ကျောက်တန်းမြို့ကြားမှာ သီလ၀ါ အထူး စီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားတော့မယ်လို့ ဒီနေ့ ဒီဇင်ဘာ ၁၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အထူး စီးပွားရေးဇုန်နဲ့ အတူ ရေနက်ဆိပ်ကမ်း တခုကိုပါ ပူးတွဲ တည်ဆောက်မှာ ဖြစ်တဲ့အကြောင်း၊ သီလ၀ါ အထူးဇုန်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လိုသူတွေ အဆင်ပြေ လွယ်ကူအောင် ဆောင်ရွက်ပေးသွားမယ်လို့လည်း သတင်းက ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024