မီတာခ ချက်ချင်းတိုးမကောက်သေးဟု ၀န်ကြီးပြော
ရွှေအောင်
·
December 18, 2011
လျှပ်စစ်မီတာခတွေကို ချက်ချင်း နှစ်ဆတိုးကောက်မှာ မဟုတ်ဘူးလို့ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
နှစ်ဆန်းပိုင်းကစပြီး မီတာခ နှစ်ဆ တိုးကောက်တော့မယ်လို့ ကြေညာခဲ့ပြီး ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ချက်ချင်း နှစ်ဆတိုးမကောက်တော့ဘူးလို့ ပြောသွားတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ တက်ခဲ့တဲ့ သတင်းထောက်တဦးက ပြောပါတယ်။
“၂၅ ကျပ်ကနေ ၅၀ ကို တိုက်ရိုက် မတိုးဘဲနဲ့ တရစ်ချင်း တရစ်ချင်း တိုးမယ်လို့ ပြောတာ။ ပြီးကျတော့ မီတာ ထိန်းသိမ်းခ တထောင်ကိစ္စ ပြန်စဉ်းစားမယ်လို့ မနက်က လျှပ်စစ်ဌာနမှာ ပြောသွားတယ်။”
အဆင့်ဆင့် တိုးကောက်သွားတော့မယ့်အကြောင်း၊ တိုးကောက်မယ့် နှုန်းထားဟာလည်း မူလ တယူနစ် ၂၅ ကျပ်ကနေ တိုးကောက်မယ့် ကျပ် ၅၀ အကြား နှုန်းထား တခုနဲ့ ကောက်ခံမှာ ဖြစ်တဲ့အကြောင်း၊ အဲ့ဒီနှုန်းထားကို ဆွေးနွေးနေတုန်း ဖြစ်တဲ့ အကြောင်း အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက စာနယ်ဇင်း ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
မီတာထိန်းသိမ်းခ ကျပ် တထောင် ကောက်ယူနေတာကိုလည်း ပြန်လည် စဉ်စားပေးသွားမယ်လို့ ၀န်ကြီးက ပြောကြောင်း သတင်းထောက်က ပြောပါတယ်။
အိမ်သုံးမီတာခကို တယူနစ် ၂၅ ကျပ်ကနေ ကျပ် ၅၀၊ လုပ်ငန်းသုံး ပါဝါမီတာခကို ကျပ် ၅၀ ကနေ ၁၀၀ ထိ တိုးကောက်မယ်လို့ လျှပ်စစ်ဝန်ကြီးက အစောပိုင်းမှာ ထုတ်ဖော်ပြေကြားခဲ့တာပါ။
ဝန်ကြီးဌာနအနေနဲ့ ကျပ်သန်းပေါင်း ၂၅၀ လောက် ရှုံးနေတာကြောင့် တိုးကောက်ဖို့ လုပ်တာလို့လည်း ဆိုပါတယ်။
အခုလို တိုးကောက်တာတောင် အာရှနဲ့ အိမ်နီချင်းနိုင်ငံတွေ ဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအို၊ ထိုင်း၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေနဲ့ နှိုင်းစာရင် မီတာခနှုန်းထားက နည်းနေသေးတယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည် အိမ်ထောင်စုပေါင်း ၈၉ သိန်းကျော်မှာ သိန်း ၂၀ ကျော်ကိုပဲ လျှပ်စစ်မီး ပေးနိုင်သေးတယ်လို့ စာရင်းဇယားတွေက ဖော်ပြပါတယ်။