Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုမဲပြားများဖြင့်တည်ဆောက်ရန် ကျားခေါင်းပါတီတိုက်တွန်း
DVB
·
February 13, 2017
  ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာအတွက် မဲပြားတွေနဲ့ တည်ဆောက်ပေးကြဖို့ ကျားခေါင်းပါတီလို့လူသိများတဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲဆန္ဒရှင်တွေကို တိုက်တွန်းလိုက်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(အက်စ်အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သုတေသနမှူး ဦးစိုင်းထွန်းအေးက ကြားဖြတ်ရွေးကောက်ပွဲအတွက် မနေ့ညက အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကနေ မဲဆွယ်ရာမှာထည့်သွင်းပြောသွားတာပါ။ “မကြာမီရောက်ရှိလာတော့မယ့် ရွေးကောက်ပွဲနေ့မှာမိဘပြည်သူတွေအနေနဲ့ မဲရုံကိုအရောက်သွားပြီး ပြည်သူပြည်သားတွေရဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ငြိမ်းချမ်းဖို့အတွက် ရဲရဲတင်းတင်းမဲပေးကြပါ၊ ပြတ်ပြတ် သားသား မဲပေးကြပါ၊ သာယာ ပျော်ရွှင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့ မိမိတို့ရဲ့ မဲပြားတွေနဲ့တည်ဆောက်ပေးကြပါ” ဖက်ဒရယ်စနစ်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ မတူကွဲပြားခြားနားတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု စတာတွေကို အသိအမှတ်ပြုတဲ့စနစ် ဖြစ်ပါတယ်။ နိုင်ငံတခုအတွင်းမှာရှိတဲ့ လူမျိုးရေးပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဖက်ဒရယ်စနစ်ကသာ အထိရောက်ဆုံး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဟာ သမိုင်းကြောင်းအရ သီးခြားဝိသေသလက္ခဏာရှိတဲ့ နယ်မြေဒေသတခုနဲ့ တခုအကြား၊ လူမျိုးတမျိုးနဲ့ တမျိုးအကြား အပြန်အလှန် နားလည်ယုံကြည်လ က်ခံကြပြီး အတူတကွ တိုင်းပြည်တခုအဖြစ် ဖွဲ့စည်းနေထိုင်ကြမယ်ဆိုတဲ့ အတွေးအမြင် အယူအဆတခု ဖြစ်ပါတယ်လို့ပြောပါတယ်။ အက်စ်အန်အယ်လ်ဒီပါတီရဲ့ မူဝါဒဟာ  ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်အပေါ်မှာ အခြေခံ ထားပြီး ပင်လုံကတိကဝတ်အတိုင်း တိုင်းရင်းသားတွေ လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို တောင်းဆိုတိုက်ပွဲဝင်နေတယ်လို့လည်းပြောသွားပါတယ်။ “အမျိုးသားတန်းတူရေးဆိုတာက ဗမာ ၁ ကျပ်ရသလို ရှမ်းလည်း ၁ ကျပ် ရရမယ်။ ဗမာက သမ္မတဖြစ်ခွင့်ရှိသလို အဲဒီအခွင့်အရေးမျိုး ရှမ်းမှာလည်း ရှိရမယ်။ ကချင်၊ ကရင်၊ မွန်မှာလည်း ရှိရမယ်။ ဗမာတယောက်က စစ်ရေးတော်လို့ ကာကွယ်ရေးဦးစီးချုပ်လုပ်နိုင်သလို ရှမ်းကလည်း စစ်တိုက်တော်တဲ့သူဖြစ်ရင် ကာကွယ်ရေးဦးစီးချုပ် တက်လုပ်နိုင်ရမယ်။ ဘယ်လူမျိုးမဆို တော်ရင်တော်တဲ့အလျှောက် နေရာရှိရမယ်။ အခွင့်အရေးတန်းတူ ရှိစေရမယ်။ ဘယ်သူကမှ သခင် မဟုတ်ဘူး။ ဘယ်သူမှ ကျွန် မဟုတ်ဘူး။ ဒါကို အမျိုးသားတန်းတူရေးလို့ နားလည်ထားပါတယ်။” အမျိုးသားတန်းတူရေးကို အသိအမှတ်မပြုတာ၊ ဒီမိုကရေစီ ကင်းမဲ့တာ၊ တစ်ပါတီ အာဏာရှင်စနစ် ကြီးစိုးတာတွေဟာ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ကြီးမားတဲ့ အဟန့်အတားတွေဖြစ်တဲ့အကြောင်းနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အစိုးရမျိုးကို အလိုရှိတယ်လို့လည်း ပါတီ ဗဟိုအလုပ်အမှုဆောင်  ဦးစိုင်းထွန်းအေးကပြောသွားပါတယ်။ “ကျနော်တို့ဆီမှာ သစ်တောတွေရှိတယ်။ လာခုတ်သွားတယ်။ သတ္တုတွေ ရှိတယ်။ လာတူးသွားတယ်။ ကျောက်သံပတ္တမြားတွေ တွေ့တယ်။ လာဖော်သွားတယ်။ မြစ်၊ ချောင်းတွေရှိတယ်။ တမံတွေ ဆောက်ပြီး လျှပ်စစ်တွေ ထုတ်တယ်။ သစ်တောတွေပြုန်း၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးကုန်တော့ ရာသီဥတုတွေ ဖောက်ပြန်တယ်။ ရွာတွေ ရွှေ့ပြောင်းရတယ်။ ရေတွေ ကြီးတယ်။ မြေတွေပြိုတယ်။ ဒီဒုက္ခတွေကို ဒေသခံတွေပဲ ခံစားရတယ်။ ကျောက်မျက်ရတနာ လုပ်ကွက်အသစ်တွေ ပေါ်လာတယ်။ ကုမ္ပဏီတွေကပဲ လက်ဝါးကြီးအုပ်ထားတယ်။ ဒေသခံတွေက မကုန်မချင်း ထိုင်ကြည့်နေရတယ်။ လျှပ်စစ်တွေ ထုတ်သွားတယ်။ သဘာဝဓာတ်ငွေ့ကို ပိုက်နဲ့ သွယ်သွားတယ်။ အဲဒီဒေသတွေမှာ မီးမလင်းခဲ့ဘူး။ ဒီလိုတာဝန်မဲ့တဲ့ အစိုးရမျိုးကို ကျွန်တော်တို့ မလိုလားဘူး။” ခွန်ထွန်းဦး ခေါင်ဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီပြီးရင် ဒုတိယနေရာအများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင်တွေ ထိန်းသိမ်းခံထားရတာကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ သပိတ်မှောက်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရှမ်းပြည်နယ်လွှတ်တော်မှာ  ကြံ့ခိုင်ရေးပါတီပြီးရင် ကိုယ်စားလှယ်နေရာ ဒုတိယအများဆုံးအနိုင်ရထားပြီး  လာမယ့် ဧပြီ ၁ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၂ နေရာနဲ့ ပြည်နယ်လွှတ်တော် ၅ နေရာ စုစုပေါင်း ၇ ရာမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024