Home
မြန်မာသတင်း
ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ရုပ်တုဖွင့်ပွဲအခမ်းအနား စဥ့်ကူးတွင် ကျင်းပ
Aung Aung Naing
·
February 13, 2017
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ၂ ရပ်ကွက်ရှိ အေးသာယာပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ၇ ပေအမြင့်ရှိ စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ဗိုလ်ချုပ်ရုပ်တုဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ထွဋ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့ကာ မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ပါတယ်။ ရုပ်တုဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်အမတ်တွေ၊ စဥ့်ကူးမြို့နယ်မှ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ဗိုလ်ချုပ်ချစ်သူတွေ၊ ရပ်မိရပ်ဖများ၊ (တစည)ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က အဖွဲ့ဝင် ၃၃ ဦးနဲ့ စဥ့်ကူးမြို့ ၊ ရွှေကူကြီးကျောင်းတိုက်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ နဝမတန်းကျောင်းသူ မနန်းစုက “ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ဗိုလ်ချုပ်ကို ဂုဏ်ပြုပြီး ရုပ်တုနဲ့ ရင်ပြင်ဖွင့်ပွဲ လုပ်တာ ကျေးဇူးတင်ပြီး ဗိုလ်ချုပ်ရုပ်တု ရှိနေတဲ့အတွက် အနားမှာ ဗိုလ်ချုပ်ရှိနေသလို ခံစားရပြီး ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်တွေ စိမ့်ဝင်လာသလို ခံစားရပါတယ်။ အခုလို ပြုလုပ်ပေးတဲ့ လူကြီးတွေကိုလည်း ကျေးဇူးတင်တယ်”လို့ ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်သပ်မောင်က “ဗိုလ်ချုပ်ရုပ်တု ရှိနေတာနဲ့ မပြီးသေးဘဲ လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်ကို အတုယုပြီး ဗိုလ်ချုပ်လိုစိတ်ဓာတ်တွေ မွေးမြူကြပြီး ရုပ်တုကြီး ကြာရှည် တည်တံ့အောင် စောင့်ရှောက်ဖို့ လူငယ်တွေမှာ တာဝန်ရှိတယ်”လို့ ပြောပါတယ်။ တိုင်းရင်းသားဝတ်စုံတွေနဲ့ ကပြဖျော်ဖြေပြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၂ ပြည့် မွေးနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကမ္ပည်းကျောက်စာနဲ့ ဗိုလ်ချုပ်ရုပ်တုကိုလည်း မန်းတိုင်းဥက္ကဋ္ဌနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်များမှ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းဂုဏ်ပြုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024