နိုက်ကလပ်တခုတွင်း ကြောက်မက်ဖွယ်ရာ မျက်နှာကျက်ပြိုကျ (ရုပ်သံ)

ဗြိတိန်နိုင်ငံ နိုက်ကလပ်တခုထဲက မျက်နှာကျက်တခုဟာ ရုတ်တရက်ပြိုကျခဲ့တဲ့အတွက် ကလပ်တွင်းရှိနေသူတွေဟာ ကြောက်လန့်တကြားအော်ဟစ်ပြီး အမိုးကို လက်တွေနဲ့ ပင့်တင်ထားခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနက်အစောပိုင်း ၁း၂၈ နာရီက မန်ချက်စတာမြို့၊ သည်ဖက်ထရီ နိုက်ကလပ်တွင်းမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မျက်နှာကျက်သစ်သားထုကြီးဟာ ရုတ်တရက် ပြိုကျလာချိန်မှာ အဲဒီနိုက်ကလပ်တွင်းမှာ ကျောင်းသားကျောင်းသူတွေ အများအပြား ရှိနေခဲ့ကြတာပါ။ ကခုန်နေသူတွေရော၊ ကလပ်တွင်းရှိနေသူတွေပါ ဒီအဖြစ်အပျက်ကို ရုတ်တရက် ရင်ဆိုင်လိုက်ရချိန်မှာ ထိတ်လန့်တကြား အော်ဟစ်နေခဲ့ကြကာ သူတို့အပေါ် ပိကျမလာဖို့ လက်ချည်းဗလာနဲ့ မတင်ထားခဲ့ကြရတယ်လို့ ဆိုပါတယ်။ ခုလိုပြိုကျခဲ့တဲ့အတွက် ကလပ်တွင်း ထွန်းညှိထားတဲ့ အယ်လ်အီးဒီမီးလုံးတွေရော၊ ဖန်ခွက်တွေ၊ ဖုန်မှုန့်တွေ ကျဆင်းလာခဲ့ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။ ကလပ်တွင်းရောက်ရှိနေတဲ့ ဆဲလ်ဖို့ဒ်တက္ကသိုလ်မှ အသက် ၂၀ အရွယ် ကျောင်းသားတဦးဖြစ်တဲ့ တွမ်ဖို့ဒ်စတာက “တကယ့်ကို ကြောက်စရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ ကယ်ဆယ်ရေးသမားတွေ ရောက်မလာခင်အထိ အချိန်တော်တော် ကြန့်ကြာခဲ့ရတယ်။ ကျနော်တို့အားလုံး ကလပ်ထဲမှာ ကခုန်နေကြချိန် ရုတ်တရက် ခေါင်းပေါ်ကို မျက်နှာကျက်ပြိုကျခဲ့တာဗျ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိနိုင်သေးဘဲ ကလပ်တာဝန်ရှိသူတွေဆီက တုံ့ပြန်မှုကို စောင့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up