ဖိလစ်ပိုင်တွင် ပြင်းအား ၆ ဒသမ ၇ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ၄ ဦး သေဆုံး၊ ၁၀၀ ကျော်ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြင်းအား ၆ ဒသမ ၇ မက်ဂ္ဂနီကျူ့ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ မင်ဒါနာအိုကျွန်း ဆူရီဂါအိုမြို့အရှေ့ဘက် ၁၃ ကီလိုမီတာအကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကနေ ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒတိုင်းတာထွာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီ့အတွက် ငလျင်ဗဟိုချက်မနဲ့အနီးဆုံး ဆူရီဂါအိုမြို့မှာ လမ်းတံတားတွေ၊ ဆေးရုံတွေနဲ့ လူနေအိမ်တွေ ပြိုကျခဲ့သလို လျပ်စစ်ဓာတ်အားလိုင်းနဲ့ ရေပေးဝေရေးစနစ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ လေယဉ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးခဲ့တဲ့အတွက် ဆူရီဂါအိုမြို့လေယဉ်ကွင်းကို ယာယီပိတ်လိုက်ရတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် မြေငလျင်ဒဏ်ကြောင့် ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်နိုင်တာမျိုးတော့ မရှိဘူးလို့ အမေရိကန်အစိုးရ ပစိဖိတ်ဆူနာမီသတိပေးစန်တာက သတင်းထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင်အစိုးရ မြေငလျင်တိုင်းတာရေး အေဂျင်စီအကြီးအကဲကတော့ အားပြင်းမြေငလျင်အပြီးမှာ နောက်ဆက်တွဲ လှုပ်ခတ်မှုအသေး ၈၉ ကြိမ်တိတိကို မှတ်တမ်းတင်ထားခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မနက်မှာ ရေဒီယိုကနေ ထုတ်လွှင့်ကြေညာပါတယ်။ ဆူရီဂါအိုမြို့မှာ ၁၈၇၉ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၉ မဂ္ဂနီကျူရှိတဲ့ မြေငလျင်ပြီးရင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ဟာ အားအပြင်းဆုံးဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up