Home
မြန်မာသတင်း
ကိုယ်စားလှယ်အား ထောက်လှမ်းမှုကိစ္စ အထောက်အထားဖြင့် တင်ပြကြရန် ဦးဝင်းမြင့် ပြော
DVB
·
February 10, 2017
  လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်လံထောက်လှမ်းစောင့်ကြည့်မှုတွေရှိရင် အထောက်အထားနဲ့ တင်ပြပါလို့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောလိုက်ပါတယ်။ ဒီနေ့လုပ်တဲ့ ပြည်သူ့လွှတ်တော်အတွင်း အင်းစိန်ကိုယ်စားလှယ် ဦးမောင်မောင်ဦးရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်ထမ်းဆောင်နေချိန်မှာ လိုက်လံစုံစမ်း၊ မေးမြန်းသတင်းရယူနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့် တာဝန်ရှိပုဂ္ဂိုလ် အဖွဲ့အစည်းများမှ တာဝန်ပေးထားခြင်း ရှိ/မရှိ မေးခွန်းနဲ့ စပ်လျဉ်းပြီး သူက ပြောလိုက်တာပါ။ “အချက်အလက် အတိအကျ အထောက်အထားနဲ့ ပေးပို့ပါ။ သက်ဆိုင်တဲ့ ပြည်ထဲရေး ၀န်ကြီးဌာန ပေးပို့သလို လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ အခွင့်အရေးကော်မတီကို လည်း ပေးပို့ပါ။ ပြီးရင် ကျနော်တို့ သိအောင်လည်း ပေးပါ။” ဦးမောင်မောင်ဦးရဲ့ မေးခွန်းနဲ့ပတ်သက်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက သူတို့အနေနဲ့ ကိုယ်စားလှယ်လောင်းများကိုသာ ကော်မရှင်က စုံစမ်းခိုင်းလို့ စုံစမ်းမေးမြန်းတာမျိုး လုပ်တာပဲ ရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို စောင့်ကြည်တာ မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။ ဒီဖြေဆိုချက်အပေါ် ဦးမောင်မောင်ဦးက သူတဦးတည်းမှာတင် သူ့ကို စောင့်ကြည်ခဲ့တဲ့ သက်သေအထောက်အထားတွေ ရှိတယ်။ အစည်းအဝေးပွဲပြီးရင် ပြည်ထဲရေးဒုဝန်ကြီးကို တခါတည်း ပေးလိုက်ပါ့မယ်လို့ ပြောခဲ့ပါတယ်။ ဦးမောင်မောင်ဦးကို စောင့်ကြည့်ခံရတဲ့ သာဓက တခု ပြောပြပါဆိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလထဲ ကြုံခဲ့ရပုံကို ခုလို ပြောပြပါတယ်။ “ဒဂုံဧရာအဝေးပြေးဝင်းထဲက လယ်သမားတွေကို လယ်ယာမြေလျော်ကြေးပေးဖို့ သွားပြီးညှိနှိုင်းတဲ့အခါမှာ ဘယ်မှာ ညှိနှိုင်းတာလည်းဆိုတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရဲ့ အစည်းအဝေးခန်းမမှာ ညှိနှိုင်းတာ။ ကျနော်တို့ အစည်းအဝေးလုပ်တဲ့အချိန်မှာ အဲဒီ တယောက်က ၀င်ပြီးတော့ ထိုင်နားထောင်တာ။ သတင်းဝင်ယူတာ၊ သူ့ကို မေးလိုက်တယ်၊ မင်း ဘယ်ကလည်းဆိုတော့ အက်စ်ဘီ ကတဲ့။” သူကိုယ်တိုင်ပဲ ခန်းမထဲကထွက်ပေးဖို့ ပြောခဲ့ပြီး အက်စ်ဘီ ဆိုသူလည်း ထွက်သွားတယ်လို့ ပြောပါတယ်။ သူ့လိုပဲ ပြည်နယ်/တိုင်းအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တချို့လည်း အလားတူ စောင့်ကြည့်ခံရတယ်လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024