မဲစာရင်းလာကြည့်ရှုတောင်းဆိုကန့်ကွက်ကြရန် ကော်မရှင်မေတ္တာရပ်ခံ
DVB
·
February 10, 2017
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာ ကြေညာကပ်ထားရာမှာ လာရောက်ကြည့်ရှုသူ အလွန် နည်းပါးနေတဲ့အတွက် မှန်ကန်မှုရှိမရှိ လာရောက်ကြည့်ရှုစစ်ဆေးကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနှိုးဆော်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်ထိ မဲစာရင်းလာကြည့်သူအရေအတွက်ဟာ မဲဆန္ဒရှင်တွေရဲ့ ၆ ရာခိုင်နှုန်းကျော်သာရှိပြီး၊ နာမည်မပါလို့ထည့်ပေးရန်တောင်းဆိုသူ ၂ ဒသမ ၇ ရာခိုင်နှုန်း၊ မဲစာရင်းမှာ မပါသင့်တဲ့သူပါနေလို့ ကန့်ကွက်သူ ၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့၊ အချက်အလက်မှားလို့ ပြင်ဆင်ရန်တင်သွင်းသူ ၁ ဒသမ ၆ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့ အနည်းဆုံး တအိမ် ထောင်တယောက် မပျက်မကွက်လာရောက်ကြည့်ရှုပြီး လိုအပ်ချက်တွေကို တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ကူညီပေးကြဖို့ ကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။
၂၀၁၇ ဧပြီ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကပ်ထားပေးထားတာဖြစ်ပါတယ်။