မောင်တောခရိုင်တွင် ညမထွက်ရအချိန်လျှော့ချသတ်မှတ်
DVB
·
February 10, 2017
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း နယ်မြေတည်ငြိမ်းအေးချမ်းမှုမရှိလို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို အချိန်လျော့ချ ပြင်ဆင်သတ်မှတ်ပေးလိုက်တယ်လို့ ဒီကနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
မောင်တောခရိုင်မှာ၂ဝ၁၆ ဒီဇင်ဘာ ၉ ရက်က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာအထွေထွေအမှုအမှတ် (၂/၂ဝ၁၆)ကို မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ- ၁၄၄ ၊ ပြစ်မှုဆိုင်ရာ အထွေအထွေအမှုအမှတ်(၁/၂ဝ၁၇) နဲ့ မနေ့က ပြင်ဆင် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပြင်ဆင်တဲ့အမိန့်မှာ မောင်တောခရိုင်အတွင်း ပြည်သူတွေသွားလာရာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လူ ၅ ဦး(သို့မဟုတ်) ၅ ဦး ထက်ပိုတဲ့ လူများစုဝေးမပြုလုပ်ဖို့နဲ့ အရင် ထုတ်ပြန်တဲ့ ည ၇ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီကာလအတွင်း ညမထွက်ရအမိန့်အစား ယခု ည ၉ နာရီမှ နံနက် ၅ နာရီထိ ကာလအတွင်း ညမထွက်ရအမိန့်ကို ထပ်မံပြင်ဆင်ထားပါတယ်။ ပြင်ဆင်ထုတ်ပြန်တဲ့ အမိန့်ဟာ ၂ လပြည့်မြောက်တဲ့အထိ အတည်ဖြစ်တယ်လို့ဆိုပါတယ်။
မောင်တောမှာ အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ အနေနဲ့ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုရှိစေရေးတို့အတွက် ဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ အစိုးရသတင်းစာမှာသတင်းထုတ်ပြန်ပါတယ်။