Home
မြန်မာသတင်း
ဘင်္ဂလီစကားဖြင့် ထုတ်လွှင့်နေမှုအပေါ် ရခိုင် ၇ မြို့နယ်တွင် တပြိုင်နက်ကန့်ကွက်ဆန္ဒပြ
DVB
·
February 10, 2017
အစိုးရပြန်ကြားရေးဌာနမှ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေမှာ ဘင်္ဂလီစကားနဲ မေယုFM ရေဒီယိုအစီအစဉ်တခု ထုတ်လွှင့်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်မြို့နယ်တွေမှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။ ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်က ဒေသခံတွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ တပြိုင်နက်တည်း ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒပြရာမှာ ဦးဆောင်သူတဦးဖြစ်တဲ့ တောင်ကုတ်ဒေသခံ ကိုနေလင်းထွန်းက ဘင်္ဂလီ ဘာသာစကားနဲ့ ထုတ်လွှင့်နေတာကို လက်မခံနိုင်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ “မြန်မာနိုင်ငံမှာ မြန်မာစကားနဲ့ လွှင့်ပါ။ ဘာမှမဟုတ်တဲ့ ဘင်္ဂလီဘာသာစကားနဲ့ လွှင့်တာကတော့ ကျနော်တို့ လက်မခံနိုင်ဘူး။ မိခင်ဘာသာစကားနဲ့ လွှင့်ပါ။ မိခင်ဘာသာစကားနဲ့ဆိုရင် ကချင်၊ ကရင်၊ ရှမ်း၊ ချင်းအကုန် နားလည်တယ်။ အမိမြန်မာနိုင်ငံ ၁၃၅ သောလူမျိုး သားသမီးတွေ မရသေးတဲ့အခွင့်အရေးကို အခြားတိုင်းရင်းသားမဟုတ်တဲ့ လူမျိုးတမျိုး ရတာကတော့ လုံးဝ ကန့်ကွက်တယ်။” မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ ဦးစားမပေးဘဲ ဘင်္ဂလီအသံထုတ်လွှင့်နေတာ ဟာ တိုင်းရင်းသားတွေကို စော်ကားတာနဲ့အတူတူပဲလို့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူ ဒေါ်ညိုညိုက ဒီဗွီဘီကို ပြောပါတယ်။ “ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဘက်တွေ ဘင်္ဂလီအသံနဲ့ လွှင့်နေတာကို ရပ်တန့်ပေးဖို့ ဆန္ဒပြတာ ဖြစ်တယ်။ မြန်မာနိုင်ငံသား ၁၃၅ မျိုးထဲမှာ တိုင်းရင်းသားတွေရဲ့ ဘာသာစကားတွေကို သင်ခွင့်မရ၊ ပညာရေး၊ စီးပွားရေး၊ အကုန်လုံး ချိုးနှိမ်ထားတယ်။ အခုချိန်အထိ အခွင့်အရေး မရသေးဘူး။ ဒါတွေကို ဦးစားမပေးဘဲနဲ့ မြန်မာတိုင်းရင်းသားတွေမဟုတ်တဲ့ ဒီဘင်္ဂလီ ဦးစားပေးလိုက်တာဟာ တိုင်းရင်းသားတွေကို စော်ကားတာနဲ့အတူတူပဲ၊ ဒီလိုတွေ လုံးဝမဖြစ်သင့်ဘူး။ ဒါကြောင့် ဆန္ဒပြတာ” ဒီကနေ့ ဆန္ဒထုတ်ဖော်ရာမှာ ကြွေးကြော်သံတွေကတော့ ဘင်္ဂလီအသံနဲ့ မေယု FM တို့လက်မခံ၊ ဘင်္ဂလီအသံနဲ့ မေယု FM တို့ပြည်တွင်း အလိုမရှိ၊ မေယု FM အစီအစဉ်ချက်ချင်းရပ်၊ အစိုးရမှ တိုင်းရင်းသားရဲ့ဆန္ဒကို လေးစားရေး၊ တို့အရေး၊ ၁၉၈၁ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်ဆုံးဖော်ရေး တို့အရေး စတဲ့ ကြွေးကြော်သံနဲ့အတူ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မေယု FM အစီအစဉ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ နေထိုင်ကြသူတို့အတွက် သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ ဖြန့်ချိပေးနိုင်ဖို့ ထုတ်လွှင့်တဲ့ အစီအစဉ်ဖြစ်ပြီး မည်သည့် ပြင်ပပုဂ္ဂိုလ် အစုအဖွဲ့ကိုမျှ အသံလွှင့်ခွင့်ပေးခြင်းမဟုတ်ကြောင်း အစိုးရ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို မြောက်ဦး၊ မြေပုံ၊ တောင်ကုတ်၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။ မေယု FM အစီအစဉ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့စလို့ ဗမာဘာသာ၊ ရခိုင်ဘာသာနဲ့ ဘင်္ဂလီစကားနဲ့ပါ စမ်းသပ် ထုတ်လွှင့်နေတာပါ။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024